နှစ်လွှာပေါင်းလျှင် တစ်ရွက်ဖြစ်သည်။ နှစ်ယောက်၊ နှစ်ဖွဲ့၊ နှစ်ခုကို ပေါင်းစည်းလျှင် တစ်ခုတည်းဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။
မွန်နိုင်ငံရေးမူကား နှစ်ဖွဲ့ပေါင်းလျှင် တစ်ဖွဲ့ဖြစ်ရမည့်အစား သုံးဖွဲ့ဖြစ်လာမည့် အခြေအနေသို့ ဦးတည် နေချေသည်။

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် ဆောင်ရွက်နေရာမှ မူလ နှစ်ပါတီအပြင် နောက်ထပ် နိုင်ငံရေးပါတီသစ်တစ်ခု ပေါ်ပေါက်ရန် ဦးတည်နေခြင်း ဖြစ်သည်။

မွန်သံဃာတော်များ ညှိနှိုင်းဆောင်ရွက်ခဲ့မှုသည် ၂၀၁၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေးအတွက် သဘောတူညီမှု ရရှိခဲ့သည်။
မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေးသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ဆုံးထား၍ နှစ်ပါတီမှ တစ်ပါတီ အဖြစ် ပူးပေါင်းရန် ညှိနှိုင်းရေးအဖွဲ့မှ ကြိုးပမ်းခဲ့သော်လည်း မွန်လူမျိုးတို့ မျှော်မှန်းထားသည့် ရလဒ်တစ်ခု ထွက်ပေါ်ခဲ့ခြင်း မရှိချေ။

မွန်နှစ်ပါတီ ပေါင်းစည်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြစဉ် သဘောထား ကွဲလွဲမှုများရှိလာ၍ မွန်အမျိုးသား ဒီမိုကရေစီပါတီမှ မွန်အမျိုးသားပါတီအဖြစ်သို့ အမည်ပြောင်းလဲမှုတစ်ခုသာ အဖတ်တင်ခဲ့လေသည်။

မွန်နိုင်ငံရေးနှစ်ပါတီ စည်းလုံးညီညွတ်မှု မရှိသည့်အတွက် မွန်တိုင်းရင်းသားများ အကြားတွင်လည်း စိတ်ဝမ်းကွဲမှုများ အောက်ခြေအထိ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်သူများက ဝေဖန်ထောက်ပြလျက်ရှိကာ မွန်နိုင်ငံရေး နှစ်ပါတီ ပေါင်းစည်းမှု မရှိသည့်အတွက် မွန်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလည်း ရှိမည်မဟုတ်ကြောင်း မွန်နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်ထောက်ပြကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာအုပ်စု၊ ကလော့ကျေးရွာတွင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၂ ရက်မှ ၂၄ ရက်ထိ ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် မွန်အမျိုးသားကွန်ဖရင့်တွင် တက်ရောက်လာသော ကိုယ်စားလှယ်များက မွန်နိုင်ငံရေးနှစ်ပါတီကို တစ်ပါတီအဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
ထို့ပြင် မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ နိုင်တင်အောင်က မိမိတို့ပါတီသည် မည်သည့် နည်းလမ်းနှင့်မဆို ပူးပေါင်းရန် အသင့်ရှိနေကြောင်း ၈ ကြိမ်မြောက် မွန်အမျိုးသားကွန်ဖရင့် ကျင်းပနေချိန်တွင် ကြွေးကြော်ထားပြီး ထို့အချိန်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်အချို့ကလည်း ပူးပေါင်းရန် ဆန္ဒပြင်းပြလျက်ရှိခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်ပြီး မွန်သံဃာတော်များနှင့် မွန်ပညာရှင်များ ပါရှိသည့် မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့၏ လုပ်ငန်းစဉ်များဖြစ်သည့် မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေးကို မော်လမြိုင်မြို့၊ သိမ်ကုန်းရပ်ကွက်၊ ပဲခူးပရိယတ္တိမွန်စာသင်တိုက်တွင် စတင်ကြိုးပမ်းလာခဲ့ခြင်းကြောင့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပေါင်းစည်းရေးသည် လမ်းကြောင်းပေါ်သို့ တစ်ဖန်ပြန်လည် ရောက်ရှိခဲ့ပြန်သည်။

သို့သော် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီက လက်ရှိ ညှိနှိုင်းရေးအဖွဲ့ကို အသိအမှတ် မပြုနိုင်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။
ထို့ကြောင့် ညှိနှိုင်းရေးအဖွဲ့၏ ပထမလုပ်ငန်းစဉ်ဖြစ်သည့် မွန်နိုင်ငံရေးပါတီ အချင်းချင်း ပူးပေါင်းရေး လမ်းကြောင်းကို အဆုံးသတ်သွားပြီး ဖြစ်သော်လည်း မွန်အမျိုးသားပါတီက တစ်ပါတီလုံး ပူးပေါင်းမည်ဟု ကြွေးကြော်ထားသည့်အတွက် ပူးပေါင်းရန် လိုလားနေကြသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်များနှင့် မွန်အမျိုးသားပါတီတို့ တွေ့ဆုံဆွေးနွေးကြသော်လည်း အဆင်မပြေခဲ့။

ထို့ကြောင့် ၂၀၁၇ ခုနှစ်ကုန်လျှင် မွန်လူမျိုးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပေါ်လာရေးအတွက် ညှိနှိုင်းရေးအဖွဲ့က ကြိုးပမ်းရမည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီးဖြစ်ကြောင်း မွန်နိုင်ငံရေးပါတီများ ညီညွတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး နိုင်ဝင်းလှက ဆိုလေသည်။

မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့ ပေါင်းစည်းရေးကို ဖြစ်နိုင်ခြေ ရှိတော့မည် မဟုတ်ကြောင်း ညှိနှိုင်းရေးအဖွဲ့မှ သဘောထားထုတ်ပြန်ပြီးနောက် မွန်လူမျိုးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပေါ်ရေးကို မွန်နိုင်ငံရေးပါတီများ ညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့မှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါ ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး နိုင်ဝင်းလှက ထုတ်ဖော် ပြောဆိုခဲ့သည်။

“မွန်နှစ်ပါတီပေါင်းစည်းဖို့က မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ AMDP က သူတို့ မပါဝင်လာနိုင်ဘူး။ ကျွန်တော်တို့ တစ်ဖက်တည်းနဲ့ ဘယ်လိုမှ ရှေ့ဆက်သွားလို့မရဘူး။ ဒါပေမယ့် မွန်ပြည်သူတွေရဲ့ အသံကို နားထောင်ပေးမယ့်ပါတီ၊ မွန်ပြည်သူတွေကို ကိုယ်စားပြုပေးမယ့် ပါတီ ပေါ်ထွန်းလာအောင်တော့ ကျွန်တော်တို့ ကြိုးပမ်းသွားမယ်”ဟု ၎င်းက ပြောသည်။

မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့၏ မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေး လုပ်ငန်းစဉ်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း ထိုက်သင့်သည့် လုပ်ငန်းစဉ်များ ချမှတ်ထားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဒေါက်တာ အောင်နိုင်ဦးက ဆိုလေသည်။

“အဓိကတော့ ညှိနှိုင်းရေးအဖွဲ့က ပါတီအသစ်တစ်ခု ထူထောင်ဖို့က လုပ်ငန်းစဉ် တစ်အခု အနေနဲ့ ချမှတ်ထားတာ ရှိပြီးသားလို့ ကျွန်တော်မြင်တယ်”ဟု ၎င်းက ပြောသည်။

ယင်းကြောင့် နှစ်ပါတီပေါင်းစည်းရေးကိစ္စသည် ကော့ပလော့ကျေးရွာတွင် ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် မွန်အမျိုးသား ကွန်ဖရင့်တွင် ချမှတ်ထားသည့်အတိုင်း နှစ်ဖက်ညှိနှိုင်းပြီး ထွက်ရှိလာသည့် ရလဒ်အပေါ်တွင် မူတည်နေလေသည်။

မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမကမူ “ဒါပေမယ့် ပေါင်းစည်းတဲ့နေရာမှာ ကျွန်တော်တို့ ပါတီအနေနဲ့က ပုံသေမူတစ်ခု ချမှတ်ထားတာ မရှိဘူး”ဟု ထုတ်ဖော်ပြောဆိုသည်။

မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့၏ Plan A (ပထမအစီအစဉ်) ဖြစ်သည့် နှစ်ပါတီပေါင်းစည်းရေး ဖြစ်နိုင်ခြေ မရှိသောကြောင့် Plan B (ဒုတိယအစီအစဉ်) ကို ဦးတည်နေသည်။

ယင်းမှာ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်များ အတွင်းမှ ပေါင်းစည်းရန် ဆန္ဒရှိသူများ စုပေါင်းပြီး မွန်လူမျိုးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ခု ထူထောင်မည့် အစီအစဉ် ဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ရှင်းပြသည်။

“မွန်အမျိုးသားပါတီကတော့ တစ်ပါတီလုံးပေါင်းမယ်လို့ ပြောထားတယ်၊ ဒီအတိုင်းဆိုရင် နှစ်ပါတီပေါင်းစည်းရေး မဟုတ်ဘဲနဲ့ ပါတီနဲ့ တစ်ဝက်တစ်ပျက် ပူးပေါင်းတာ ဖြစ်သွားမယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပေါင်းစည်းရေးကို လိုလားနေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်များက မွန်အမျိုးသားပါတီ၏ သဘောဆန္ဒကို လက်မခံနိုင်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

“ဒါကတော့ ကျွန်တော်တို့ လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက ပြောထားတဲ့စကားတွေ ရှိပြီးသား။ ကျွန်တော်တို့ ပေါင်းတယ်ဆိုတာ သူများပါတီထဲဝင်ပြီးတော့ ပေါင်းတာမဟုတ်ဘူး။ ဒါကတော့ ပေါင်းတယ်ဆိုတဲ့ သဘော မသက်ရောက်ဘူး။ အဓိပ္ပာယ်ကတော့ သူများပါတီကို သွားဝင်တာပဲ၊ AMDP ပါတီကနေ နုတ်ထွက်ခိုင်းပြီးတော့ မွန်အမျိုးသားပါတီထဲ ဝင်ခိုင်းနေတဲ့သဘော သက်ရောက်နေတယ်”ဟု ၎င်းက ပြောသည်။

သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ မွန်အမျိုးသားပါတီ၏ သဘောဆန္ဒအတိုင်းသာ အကောင်အထည် ဖော်မည်ဆိုပါက ညှိနှိုင်းရေးအဖွဲ့သည် ထမ်းဆောင်ထားသော အမျိုးသားရေးတာဝန်ကို မကျေပွန်သလို ဖြစ်သွားမည်ဖြစ်ပြီး မွန်လူမျိုးကို ကိုယ်စားပြုသည့် ကြားပါတီတစ်ခုလည်း ဖြစ်လာနိုင်မည်မဟုတ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ထောက်ပြပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းရေးကို ဆန္ဒရှိနေသော ပုဂ္ဂိုလ်များနှင့် အချို့နိုင်ငံရေးအင်အားစုများသည် မွန်အမျိုးသားပါတီထဲသို့ ဝင်ရောက်ပူးပေါင်းရန် ဆန္ဒမရှိသည့်အတွက် မိမိတို့ ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ဖိအားပေးရန် အစီအစဉ်မရှိကြောင်း နိုင်ဝင်းလှက ဆိုလေသည်။

“ဒီအဆင့်တွေကို ဖြတ်ကျော်ခဲ့ပြီးပြီး Plan A ရော Plan B ရော ဖြစ်မလာနိုင်ဘူး။ အခုဆိုရင် Plan C ပေါ့လေ ပါတီအချင်းချင်း မဟုတ်ပေမယ့် ပူးပေါင်းချင်တဲ့လူတွေ ပုဂ္ဂိုလ်တွေ နိုင်ငံရေးအင်အားစုတွေနဲ့ မွန်ကိုယ်စားပြုတဲ့ နိ်ုင်ငံရေးပါတီတစ်ခု ပေါ်လာအောင်တော့ ကြိုးစားရမယ်”ဟု ၎င်းက ပြောသည်။

ညှိနှိုင်းရေးအဖွဲ့၏ ရည်ရွယ်ချက်သည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ မွန်နိုင်ငံရေးနှစ်ပါတီက တစ်ပါတီဖြစ်စေရန် ရည်ရွယ်ပြီး မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှု တည်ဆောက်ရး ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု မိမိတို့ နားလည်း သဘောပေါက်ထားကြောင်း နိုင်လယီတမက ပြောသည်။

“အဲဒီတော့ ပေါင်းစည်းရေးလမ်းကြောင်းနဲ့ သွေဖယ်ပြီးတော့ ပါတီအသစ် ထောင်တာတို့ဆိုတာကတော့ ကျွန်တော်အနေနဲ့က ဒါက ပေါင်းစည်းရေးညှိနှိုင်းရေးအဖွဲ့က ဒါက သူ့ရဲ့မူလရည်ရွယ်ချက်မှာ ဒါတွေမရှိဘူး။ ညှိနှိုင်းရေးအဖွဲ့က ကြိုးပမ်းနေတာက နှစ်ပါတီပေါင်းစည်းရေးပဲလေ။ တခြားကိစ္စက ကျွန်တော်တို့ ဘာမှ မသိပါဘူး”ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားကွန်ဖရင့်တွင် မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့၊ ဖက်ဒရယ်မူ ညှိနှိုင်းရေးအဖွဲ့နှင့် MAU ညှိနှိုင်းရေးအဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထားခြင်းကြာင့် ဖိတ်ကြားသည့်အခါ ရှုပ်ထွေးမှုများရှိနေကြောင်း နိုင်ဝင်းလှက ရှင်းပြသည်။

“ကျွန်တော်ရှင်းပြချင်တာက ညှိနှိုင်းရေးအဖွဲ့ရဲ့ ပထမဦးဆုံးနာမည်ကတော့ မွန်နိုင်ငံရေးပါတီများ စည်းလုံး ညီညွတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ဖြစ်တယ်။ မွန်နိုင်ငံရေးပါတီတွေ စည်းလုံးညီညွတ်မှုရှိဖို့ပဲ တစ်ပါတီဖြစ်ဖို့ မဟုတ်ဘူး။ ဒါပေမယ့် ညှိနှိုင်းရေးအဖွဲ့သုံးဖွဲ့ ရှိနေတယ်ဆိုတော့ ရှင်းရှင်းလင်းလင်းဖြစ်သွား အောင်ဆိုပြီးတော့ မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေးဆိုပြီးတော့ ရွေးချယ်လိုက်တယ်။ နှစ်ပါတီပေါင်းစည်းဖို့ မဖြစ်ရင်လည်း အဲဒီနာမည်ကိုပဲ ဆက်သုံးသွားမယ်”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

မိမိတို့အနေဖြင့် ၂၀၁၅ ခုနှစ် နှစ်ပါတီပေါင်းစည်းရေးတွင် ကြားပါတီတစ်ခု ထူထောင်ရေးကို တောင်းဆိုခဲ့ပြီး လက်ရှိအချိန်တွင်လည်း ယင်းတောင်းဆိုချက်အတိုင်း ပြန်လည်တောင်းဆိုနေခြင်းကြောင့် လတ်တလော မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေး အခြေအနေသည် ၂၀၁၅ ခုနှစ်က ပေါင်းစည်းရေးနှင့် ထူးမခြားနား ဖြစ်နေကြောင်းနှင့် လက်ရှိအချိန်တွင်လည်း ကြားပါတီတစ်ခုကို ထူထောင်ရန် မိမိတို့အနေနှင့် တောင်းဆိုနေကြောင်း ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

“ဒါပေမယ့် သူတို့တွေကလည်း အရင်စကားအတိုင်းပဲ ပြန်ပြောနေတယ်။ ဖျက်ရမယ်ဆိုရင် မဖျက်ဘူး။ ပြင်ချင်ရင်တော့ ပါတီထဲမှာ ဆွေးနွေးပြီးမှ ပြင်လို့ရမယ်။ ဒီလိုဆိုရင် ဒီလမ်းက ပိတ်သွားတယ်၊ ဒီအတိုင်းပဲဆိုရင် ကျွန်တော်တို့လည်း ရှေ့သွားလို့မရဘူး။ ညှိနှိုင်းရေးအဖွဲ့လည်း ရှေ့ဆက်လို့မရဘူး။ ညှိနှိုင်းရေးအဖွဲ့အနေနဲ့ ဘယ်လို စဉ်းစားသင့်လဲဆိုရင် Plan A နဲ့ Plan B က မရတော့ဘူး။ Plan C ပဲရတော့မယ်”ဟု ၎င်းက ပြောသည်။

မွန်လူမျိုးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီဖြစ်ပေါ်ရေးကို မွန်နိုင်ငံရေးပါတီများ ညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်းရေး အဖွဲ့အနေဖြင့် ပါတီအသစ် ထူထောင်လိုသည့် ဆန္ဒမရှိကြောင်း မွန်ပြည်သူများ၏ တောင်းဆိုလာသည့် သဘောဆန္ဒ အတိုင်းသာ ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ဝင်းလှက ဆိုသည်။

“ပေါင်းစည်းရေးအဖွဲ့အနေနဲ့ ကိုယ့်ရဲ့မူလအဖွဲ့ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကို မပျောက်စေချင်ဘူးပေါ့ဗျာ။ ပါတီပေါင်းစည်းရေးဆိုတာက အခုဖြစ်ချင်တာဖြစ်မယ်။ နောင်လည်း ဖြစ်ချင်တာဖြစ်မယ်။ အဲဒီတော့ ပေါင်းစည်းရေး ဆိုတာက အစဉ်အမြဲလုပ်ဆောင်နေရမယ့် အလုပ်တစ်ခု ဖြစ်တယ်။ အဲဒီတော့ ပေါင်းစည်းရေး မဖြစ်တာကို ဒါကို အကြောင်းပြုပြီးတော့ ပါတီအသစ်တစ်ခု ထောင်ဖို့ဆိုတာက ဒါက မစဉ်းစားကောင်းတဲ့ အရာလို့ ကျွန်တော်မြင်တယ်”ဟု နိုင်ယီတမက ဆိုသည်။

မွန်လူမျိုးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီကို ထူထောင်ရာတွင် မွန်အမျိုးသားပါတီဝင်များမှ ပူးပေါင်းရန် စိတ်အား ထက်သန်နေသည့် ပုဂ္ဂိုလ်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်များမှ ပူးပေါင်းရန် စိတ်အား ထက်သန်နေသည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများစသည့် ပုဂ္ဂိုလ်များ ဘက်စုံပါဝင်စေချင်ကြောင်း အောင်နိုင်ဦးက ဆိုသည်။

“ဒါကို ညှပ်နေပြီးဆိုတော့ Plan C ကို ဖောက်ရတော့မယ်။ ဘယ်လိုလဲဆိုတော့ မွန်အမျိုးသားပါတီထဲက ပေါင်းချင်တဲ့ ပုဂ္ဂိုလ်တွေ ပါတီကို စွန့်လွှတ်ရဲတဲ့ ပုဂ္ဂိုလ်တွေ၊ AMDP လည်း အဲဒီလိုပဲ ပေါင်းချင်တဲ့ ပုဂ္ဂိုလ်တွေ ပါတီကို စွန့်လွှတ်ရဲတဲ့ပုဂ္ဂိုလ်တွေ အဓိက အခြေခံတယ်ဆိုတာက ကျွန်တော်အနေနဲ့ ဘက်စုံပါစေချင်တယ်”ဟု ၎င်းက ပြောသည်။

မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့ကို အသိအမှတ်ပြုသည့် ပုဂ္ဂိုလ်များနှင့် ပူးပေါင်းရန် ဆန္ဒရှိကြသော ပုဂ္ဂိုလ်များသည် ဧပြီလအတွင်း တွေ့ဆုံဆွေးနွေး တိုင်ပင်သွားကြမည် ဖြစ်ကြောင်း နိုင်ဝင်းလှက ဆိုသည်။

“ဒါကတော့ ပူးပေါင်းချင်တဲ့လူတွေက ရှိနေတယ်။ ဧပြီလလောက်မှာ ကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေကို ဖိတ်ကြားသွားမယ်။ နောက်ပြီးတော့ ဒီကြားထဲမှာ သူ့အခြေအနေနဲ့သူ ရှိနေကြတယ်။ ဘယ်လိုပြောင်းလဲ သွားမလဲဆိုတာ မသိသေးဘူး။ ကျွန်တော်တို့ ဖိတ်ကြားထားတဲ့အတိုင်း သူတို့အားလုံး တက်ရောက်လာ နိုင်မလား မနိုင်ဘူးလားဆိုတာကိုလည်း မသိသေးဘူး”ဟု ၎င်းက ပြောသည်။

မွန်တိုင်းရင်းသားတွင် နောက်ထပ်ပါတီအသစ်တစ်ခု ထပ်မံပေါ်ပေါက်လာပါက မွန်နိုင်ငံရေးတွင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုပြီးများလာလိမ့်မည်ဖြစ်ကြောင်း နိုင်လယီတမက သုံးသပ်ပြောဆိုသည်။
“နောက်ထပ် ပါတီအသစ်တစ်ပါတီ ပေါ်လာခဲ့မယ်ဆိုလို့ရှိရင် ပါတီအသစ်တည်ထောင်သူတွေက ဒါက ဘယ်လို ပြောရမလဲ သူတို့ရွေးချယ်တဲ့လမ်းကြောင်း၊ ဒါက သူတို့မှာ အခွင့်အရေးရှိတယ်”ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ပါတီ ပေါင်းစည်းမှု အလှမ်းကွာဝေးမှုကြောင့် နောက်ထပ် ပါတီသစ် ထပ်မံ ပေါ်ပေါက်လာဦးမည်ဖြစ်ကာ မွန်တိုင်းရင်းသားများ ကိုယ်စားပြု တစ်ပါတီတည်း ပေါ်ပေါက်လာရေးက ကျိန်စာသင့် နေသကဲ့သို့ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမည် ဖြစ်သည်။

ပါတီပေါင်းစည်းရေးကိစ္စများ အဆင်မပြေမှုကို အမျိုးသားရေး ဦးတည်ချက်ဖြင့် ဖြေရှင်းရန် အကြံပြုလာသူ ဒေါက်တာ အောင်နိုင်ဦးကမူ “တစ်မျိုးသားလုံး အခက်အခဲကြုံနေရတာ မဖြစ်စေချင်ဘူး”ဟု ဆိုလေသည်။

Written by – ရွှေရိုး

Leave a Reply