ကျိုက်ထို၊ မတ်၂၃ ။ ။ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ ဦးထွန်းရီ၏ ခြံဝန်းတွင် မတ် ၁၇ ရက် မွန်းလွဲ ၁ နာရီက လမ်းမြေဖို့ရန် မြေတူးရာမှ ရရှိခဲ့သော ရွှေပြား ၃၉၀ ပြားအား ရှေးဟောင်း သုတေသနဌာနသို့ အပ်နှံပေးခဲ့ကြောင်း ကျိုက္ကသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

“ကျွန်တော်တို့ မတ်လ ၂၃ ရက်နေ့က နေပြည်တော် ရှေးဟောင်းသုတေသနအဖွဲ့ကို ပိုင်ရှင်ကိုယ်တိုင် သွားရောက် အပ်နှံခဲ့ပါတယ်၊ လက်ရှိရွှေတွေရဲ့ အလေးချိန်အတိုင်း ကာလပေါက်ဈေးရယ်၊ လက်ယာဖိုးရယ်၊ ရှေးဟောင်းခေတ် တန်ဖိုးရယ်ကို ပညာရှင်တွေက တွက်ချက်ပြီး ပေးမယ်လို့ သုတေသနဌာနက ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွှေပြားများမှာ ကာလပေါက်ဈေး တစ်ပြားလျှင် တစ်သိန်းနှစ်သောင်းခန့်တန်ရှိပြီး ရွှေပြားပေါင်း ၃၉၀ ပြား၏ စုစုပေါင်း ရွှေသားအလေးချိန်မှာ တစ်ပိသာ ၁၀ ကျပ်သားရှိကြောင်းနှင့် ယင်းရွှေပြားများသည် အချင်း နှစ်လက်မခန့်ရှိကာ အလယ်တွင် အပေါက်ငယ် တစ်ပေါက်ပါရှိပြီး ခွက်ပုံသဏ္ဍာန်ဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

“ဒီနေရာက ဘုရားကုန်းမြေလည်း မဟုတ်ဘူး၊ မြေတူးပြီး သုံး၊ လေးပေလောက် အနက်မှာ မြွေပွေးကြီး တစ်ကောင် အဲနေရာက ထွက်လာတယ်၊ မြေတူးစက်နဲ့ လိုက်ပိတ်သေးတယ်၊ ထွက်ပြေးသွားတယ်၊ နောက်တစ်ချက်တူးတော့ မြေအိုးကွဲနဲ့ ရွှေပြားတွေ ထွက်လာတယ်”ဟု ဦးမြင့်လွင်က ဆက်လက်ပြောသည်။

ရွှေပြားများကို ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မတ်လ ၁၈ ရက်က သွားရောက်ပြသခဲ့ပြီး မော်လမြိုင် ယဉ်ကျေးမှုအဖွဲ့နှင့် နေပြည်တော်သို့ သွားရောက်ပြသရန် ညွှန်ကြားသောကြောင့် မတ် ၂၃ ရက်က နေပြည်တော် ရှေးဟောင်းသုတေသနဌာနသို့ အပ်နှံခဲ့ကြောင်း၊ ရွှေပြားများသည် ၁၅ ပဲရည်ရှိပြီး ငွေပမာဏ များလွန်းသဖြင့် ဘတ်ဂျတ်တင်ပြီးမှသာ ဆုကြေးငွေအား ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

Written by – ရွှေစင်

Leave a Reply