မော်လမြိုင် အောက်တိုဘာ

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ-စက်စဲလမ်းဆုံအဝိုင်းတွင် မွန်တိုင်းရင်းသားတို့၏ အမှတ်သင်္ကေတ ဖြစ်သော ဟင်္သာရုပ်တုကို အောက်တိုဘာ ၂၃ရက်၌ တပ်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟင်္သာရုပ်တုကို တပ်ဆင်နိုင်ရန်အတွက် မော်လမြိုင်မြို့မှ မဏိသုဓမ္မဇောတိကဓရ ဦးခင်ဝင်းက ထောက်ပံ့ ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ရုပ်တု တပ်ဆင်သော အခမ်းအနားတွင် ပြောဆိုခဲ့သည်။

ယခုလို တိုင်းရင်းသားပြည်သူလူထု၏ အခွင့်အရေးကို ချပြခွင့်ရစေရန်အတွက် ကူညီဖြည့်ဆည်းပေးသောကြောင့် မွန်လူထုကိုယ်စား ကျေးဇူးတင်ကြောင်း ၎င်းက ပြောသည်။

“ပြည်သူတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် ပြည်နယ်အတွင်းက တိုင်းရင်းသားတိုင်းမှာ အမှတ်သင်္ကေတတွေကို ချပြခွင့်၊ ထုတ်ဖော်ခွင့်ရဖို့ အခွင့်အရေးတစ်ရပ် လိုအပ်တယ်”ဟု ၎င်းက ပြောသည်။

မွန်လူမျိုးများ၏ အမှတ်သင်္ကေတတစ်ခုကို ချပြနိုင်ရန်အတွက် ကူညီပေးဖြည့်ဆည်းပေးမှုသည် ခိုင်မာသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သည်ဟု ခံယူမိကြောင်း ဆက်လက်ပြောသည်။

ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ တစ်ဦးနှင့် တစ်ဦး နားလည်မှု၊ လေးစားမှုများဖြင့် ရှေ့ဆက်လျှောက်လှမ်းကာ ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

မွန်ပြည်နယ်တွင် ဟင်္သာရုပ်တုသည် မော်လမြိုင်တွင် တစ်ခု၊ ချောင်းဆုံတွင် တစ်ခု၊ သံဖြူဇရပ်တွင် တစ်ခုရှိခဲ့ပြီး ယခု တပ်ဆင့်ခဲ့သော ကျိုက္ခမီ-စက်စဲလမ်းဆုံအဝိုင်းရှိ ဟင်္သာရုပ်တုသည့် လေးခုမြောက်ဖြစ်သည်။

ထိုက်ထိုက်

Leave a Reply