မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်အဓိက ထွက်ကုန်ပစ္စည်းတစ်ခုဖြစ်သော ကျွဲကောသီးများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချ နိုင်ရေး အတွက် ကျိုက်ထိုမြို့နယ်တွင် ကျွဲကောသီး အထူးစိုက်ပျိုးရေးဇုန် ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပန်းမံစိုက်ပျိုး တင်ပို့ ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

pomelo

အဆိုပါ အထူးစိုက်ပျိုးရေဇုန်တွင် ပန်းရောင်တစ် ကျွဲကော်သီး အမျိုးအစား တစ်မျိုးထဲကိုသာ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က အခုက မြေနေရာ ရှာတုန်းပဲရှိပါသေးတယ်၊ မြေနေရာရဖို့အတွက် ကျိုက်ထိုမှာ ဆင်းကြည့် နေတယ် မွန်ပြည်နယ်မှာတော့ ကျွဲကောက အဓိက သီးနှံဆိုတော့ မြေနေရာရဖို့ပဲ အဓိက လုပ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်း ကျွဲကောသီး အထူးစိုက်ပျိုးရေးဇုန် တည်ဆောက်ရန် အတွက် မြေဧက ၅၀ဝ လောက်လိုအပ်သော ကြောင့် မြေနေရာရရှိရေး အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ကို တင်ပြထားကြောင်း ၎င်းက ပြောသည်။

ထို့အပြင် မြေနေရာရရှိလာပါက ကျွဲကောသီး အထူးစိုက်ပျိုးရေးဇုန်ကို ၂၀၁၇ ခုနှစ်တွင် စတင်အကောင် ဖော်နိုင်မည်ဖြစ်ကြောင်း ဦးစိုးသန်းမင်ဒင်က ဆိုသည်။

“ကျွန်တော်တို့ မော်လမြိုင်မှာက ကျွဲကောသီးစိုက်ပျိုးဖို့ မြေနေရာမရှိဘူး၊ မြေနေရာ များများစားစားရှိတဲ့ နေရာမှာ စိုက်ပျိုးဖို့ လိုတယ်၊ စိုက်ပျိုးရင်လည်း ပန်ရောင်တစ် မျိုးကို စိုက်ဖို့လိုတယ်၊ ပန်ရောင်တစ်က ဈေးကွက်ထဲမှာ လူသုံးများတယ်”ဟု မော်လမြိုင်မြို့ မမော်ကျွဲကောသီး ဆိုင်ပိုင်ရှင် ဦးဘုန်းဝင်းက ဆိုသည်။

မွန်ပြည်နယ်အတွင်း ထွက်ရှိသည့် ကျွဲကောသီးများတွင် မော်လမြိုင်ဒေသက ထွက်ရှိသည့် ကျွဲကောသီးမှာ ပထမအတန်းစား ဖြစ်ပြီး ကျိုက်ထို၊ ကျိုက်မရော၊ မုဒုံတို့က ထွက်ရှိသည့် ကျွဲကောသီးမှာ ဒုတိယအတန်းစား သာရှိကြောင်း ၎င်းက ပြောကြားသည်။

ကျိုက်ထို ကျွဲကောသီး အထူးစိုက်ပျိုးရေးဇုန်မှ ကျွဲကောသီးများ ထွက်ရှိလာပါက မော်လမြိုင် ကျွဲကောသီး ဈေးကွက် အတွင်း ဈေးများ ကျဆင်းလာလာကာ ဈေးကွက် အနည်းငယ်ထိခိုင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံခြားသို့ တင်ပို့မည်ဖြစ်သောကြောင့် နိုင်ငံခြားကုမ္ပဏီများ လက်ခံနိုင်မည့် အရေအသွေး ကောင်းမွန် စေရေးအတွက် ကျွဲကော်သီးသိုလှောင်ရုံ များကို နည်းစနစ်ကျကျ တည်ဆောက်ကာ စနစ်တကျ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဦးစိုးသန်းမင်းဒင်က ပြောကြားသည်။

မွန်ပြည်နယ်အတွင်း၌ ထွက်ရှိနေသည့် ကျွဲကောသီးများမှာ အရည်အသွေးပြည့်မှီရန် လိုအပ်ချက်များလည်း ရှိနေခြင်းကြောင့် အရည်အသွေးအဆင့်မှီအောင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

Leave a Reply