ကျိုက်ထို၊ ဖေဖော်ဝါရီ ၂ ။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇေယျာမွန်ရပ်ကွက်၊ ဂေါက်ကွင်းဘေး၊ ကင်မွန်းစခန်းကားလမ်းတွင် ဖေဖော်ဝါရီ ၁ ရက် ည ၉ နာရီက သထုံမြို့နေသူ ဦးမင်းခိုင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၃ ပြားကို ကျိုက်ထိုမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

မြို့မရဲစခန်းမှ မူးယစ်ဆေးဝါး သတင်းအရ ကင်မွန်းစခန်းလမ်းတွင် စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသော ဦးမင်းခိုင်ကို ရှာဖွေစစ်ဆေးရာမှ မူးယစ်စိတ်ကြွဆေးပြား ဖမ်းဆီးရမိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

မူးယစ်ဆေးဝါးများကို ဦးမင်းခိုင်၏ ညာဘက်လက်မှ အအေးစုပ်ပိုက်ဖြင့် ထည့်လျှက် စိတ်ကြရူးသွပ်ဆေးပြား ၁၀ ပြား၊ ၎င်းဝတ်ဆင်ထားသည့် အမဲရောင်ဂျင်းဘောင်းဘီ ဘယ်၊ ညာ ချုပ်ရိုးကြောင်းအတွင်း အအေးစုပ် ပိုက်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၂ ပြားနှင့် အစိမ်းရောင်တစ်ပြား ဘောင်းဘီအိတ်ကပ် အတွင်းမှ ငွေ ၉၄၃၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ဘာအံမြို့နယ် ကားဝင်းအနီးတွင် အမည်မသိသူထံမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းတွင် ဦးမင်းခိုင်က ထွက်ဆိုထားသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား လက်ဝယ်တွေ့ရှိသူ ဦးမင်းခိုင်အား ကျိုက်ထိုမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ပုဒ်မ ၁၅ / ၁၉ (က) /၂၀ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

Leave a Reply