ကျိုက်ထို၊ မတ်၁၃ ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ ဘူတာပိုင်းရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် နွေရာသီ မွန်စာပေယဉ်ကျေးမှုသင်တန်းကို မတ်လ ၈ ရက်မှစ၍ ဧပြီလ ၆ ရက်ထိ တစ်လကြာ သင်ကြားပေး လျက်ရှိကြောင်း ကျိုက်ထိုမြို့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူး ဦးနိုင်ရင်သောင်းက ဟင်္သာမီဒီယာသို့ ပြောသည်။

Mon-Sar
“ဒီနှစ်နဲ့ဆိုရင်တော့ သုံးနှစ်ရှိပြီးပေါ့ မွန်စာပေ ကိုလေ့လာချင်တဲ့ မည်သူမဆို လာရောက်လေ့လာပြီး သင်ကြားနိုင်ပါတယ်၊ ဒီမှာဆိုရင် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ဆိုပြီးခွဲထားတယ်၊ သင်ရိုးတွေ ဆရာ၊ ဆရာမ တွေနဲ့ သင်ကြားပေးပါတယ်”ဟု ၎င်းက ပြောဆိုသည်။

နွေရာသီ မွန်စာပေသင်ကြားခြင်းကို နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပေးနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“နောက်ဆိုရင် မွန်ဘာသာစကားကို စိတ်ဝင်စားတဲ့ မြန်မာကလေးတွေ တတ်ရောက်သင်ကြားနိုင်ရန် မြန်မာ အသံဖြင့် တွဲဖက်ပြီး သင်ကြားပေးဖို့ စီစဉ်ထားတာရှိတယ်၊ မွန်၊ မြန်မာ အခြေခံအကသင်တန်းနှင့် မွန်တူရိ ယာအတီး သင်တန်းကို ဆက်လက်ဖွင့်လှစ်သွားဖို့ ကော်မတီတွေနဲ့ စီစဉ်ထားတာတွေလည်း ရှိပါတယ်”ဟု ဦးနိုင်ရင်သောင်းက ပြောသည်။

နွေရာသီ မွန်စာပေယဉ်ကျေးမှုသင်တန်းကို ၂၀၁၄ ခုနှစ်တွင်ကံကော်ရပ်ကွက်ရှိ ကံ့ကော်မူလတန်းကျောင်းတွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ဝိဝေကရာမ မွန်ကျောင်းတွင်လည်းကောင်း ယခုနှစ်တွင် တောင်သူစုရပ်ကွက် ဘူတာပိုင်းရှိ မူလတန်းလွန်ကျောင်းတွင် သင်ကြားပေးခဲ့ကြောင်း ဆက်လက်ပြောသည်။

ကျိုက်ထိုမြို့နှင့် မဝေးသည့် ကျေးရွာများမှ မွန်လူမျိုးများနှင့် အနီးအနားရှိ မွန်စာပေကို လေ့လာသူ အယောက် ၆၀ နီးပါး လာရောက်သင်ယူကြကြောင်း ကျိုက်ထိုမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ သိရသည်။

Leave a Reply