ကျိုက်ထိုမြို့နယ် အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျိုက်ထိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံရာတွင် အာဇာနည်နေ့အထိမ်းအမှတ် ဗိမာန်နှင့် ဗိုလ်ချုပ်ကြေးရုပ် ထားရှိရန် မြေနေရာတောင်းဆိုခဲ့ကြောင်းကျိုက်ထိုမြို့နယ် အရပ်ဖက်လူမှု အဖွဲ့အစည်းတွဲဘက်ညှိုနှိုင်းရေးမှူး ဦးဟန်ဝင်းမြတ်ကပြောသည်။

logo-copy

အာဇာနည်ကျောက်တိုင်အပါဝင် အာဇာနည် ကိုးဦး၏ ရုပ်တုအထိမ်းအမှတ်ပြုလုပ်ရန် မြေနေရာအား EPC ဝင်းရှေ့ (သို့မဟုတ်)ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့ ဆောက်လုပ်ရေးဝင်းအားပေးရန် လွှတ်တော်ကိုယ်စားလှယ်များထံတောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့ အဓိကတင်ပြခဲ့တာကတော့ အာဇာနည်ဗိမာန် လုပ်ဖို့ မြေနေရာရယ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ကြာရှည်ရပ်တည်နိုင်ဖို့ရယ် ”ဟုဦးဟန်ဝင်းမြတ်ကဆိုသည်။

ကျိုက်ထိုတွင် အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ကြေးရုပ် ထားရှိရန် မြေနေရာတောင်းဆိုတင်ပြချက်ကိုကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်းနှင့် မွန်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးဝဏ္ဏကျော်တို့ကအတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပေးမည်ဟုပြောကြားခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

အာဇာနည်ဗိမာန် တည်ဆောက်နိုင်ရန် မြေနေရာကျယ်ကျယ်လိုအပ်ပြီးကုန်ကျစရိတ်အား မြို့သူ၊ မြို့သားများကစုပေါင်းထည့်ဝင်တည်ဆောက်သွားမှာဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် အရပ်ဘက်လူမှု အဖွဲ့အစည်းများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်ရှိကြောင်းသိရသည်။

Leave a Reply