ကျိုက်ထို၊ ဇန်နဝါရီ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ပြည်သူဆေးရုံကြီးတွင် လူနာဆောင် လိုအပ်ချက်အရ နှစ်ထပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာ သုံးထပ်ဆောင်အား ပြည်ထောင်စုဘတ်ဂျက်ငွေသိန်း ၆၀၀၀ အသုံးပြုသွားမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ စာရေးကြီး ဦးစိုးတင့်ထံမှ သိရသည်။

လက်ရှိ ကုတင် ၅၀ ဆန့် ပြည်သူဆေးရုံကြီး တိုးချဲ့ဆောက်လုပ်မှုကို အောက်တိုဘာလမှ စတင်၍ မတ်လတွင် အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုဘတ်ဂျက်မှ တိုးချဲ့ဆောင်များအတွက် ငွေကျပ်သိန်းပေါင်း ၆၀၀၀ သတ်မှတ်ထားပေးကြောင်းနှင့် ၎င်းက ပြောသည်။

“Golden State International ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ပေးနေတာ ဖြစ်ပြီးတော့ ကုတင် ၂၀ ဆန့်မှာ ဖြစ်ပြီး အနောက်ဘက် သုံးထပ်ဆောင်ကတော့ ဝန်ထမ်းတွေ နေဖို့ ဆောက်လုပ်နေတာပါ”ဟု ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျိုက်ထိုတိုးချဲ့ဆောင် ဆောက်လုပ်မှု စီမံကိန်းတွင် ဒီဇင်ဘာလကုန်ထိ ဝန်ထမ်းအိမ်ယာ ၅၀ ရာခိုင်နှုန်းနှင့် နှစ်ထပ်လူနာ တိုးချဲ့ဆောင် ၂၅ ရာခိုင်နှုန်းထိ ပြီးစီးနေပြီးဖြစ်ကြောင်းနှင့် စီမံကိန်း ပြီးစီးမှုအခြေအနေကို တစ်လတစ်ကြိမ် တင်ပြရကြောင်း ၎င်းက ရှင်းပြသည်။

ကျိုက်ထိုမှ ရှစ်မိုင်ခန့်ကွာဝေးသော ကင်မွန်းချောင်းကျေးရွာတွင်လည်း ထွန်းတောက်ငွေကြယ် ကုမ္ပဏီက တိုက်နယ်ဆေးရုံတစ်ခုနှင့် တိုးချဲ့ဆောင်များကို ဆောက်လုပ်နေပြီး ၎င်းဆေးရုံကိုလည်း မတ်လတွင် အပြီးသတ် ဆောက်လုပ်သွားမှာဖြစ်ကြောင်း ဦးစိုးတင့်က ပြောဆိုသည်။

Leave a Reply