Advertisements

မော်လမြိုင်၊ အောက်တိုဘာ

ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးရေတံခွန်တွင် ရာမညအပန်းဖြေစခန်းတစ်ခုကို ရွှေဇနကကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောကြားသည်။

“ဒီဟာလုပ်ဖို့ ကုမ္ပဏီက ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားတယ်။ အခုလည်း မြေပိုင်ဆိုင်မှုအထောက်အထားတွေလုပ်နေတယ်၊ ပြီးတာနဲ့ စတင်ဆောက်လုပ်တော့မှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါအပန်းဖြေစခန်းတွင် တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်တို့အပြင် ဝါးပျိုးဥယျာဉ်နှင့် ဝါးပြတိုက်များကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ လာရောက်အပန်းဖြေသူများ တည်းခိုနိုင်ရန်အတွက် ဘန်ဂလိုများလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ အပန်းဖြေစခန်းတည်ဆောက်ထားရှိခြင်းအားဖြင့် ဒေသထွက်အမှတ်တရ လက်မှုပညာပစ္စည်းလုပ်ငန်းအပါအဝင် စားသောက်ဆိုင်နှင့် ပို့ဆောင်ရေးလုပ်ငန်းများလည်း အဆင်ပြေလာမည်ဖြစ်ပြီး၊ ဒေသခံနယ်မြေခံများအတွက် အကျိုးရှိနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်ထွန်းလာနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“ဒေသခံတွေတော့ ကဒက်ချောင်းကိုပဲ သွားလည်ကြတာများတယ်။ ဆောင်နိုင်ကြီးကို တစ်ခါတလေမှ ဆက်သွားကြတယ်။ တခြားက လာလည်တဲ့ ဧည့်သည်တွေကတော့ ဆောင်နိုင်ကြီးကိုထိ သွားကြတယ်”ဟု ဒေသခံ ကိုအောင်ပိုင်က ဆိုသည်။

ဆောင်နိုင်ကြီးရေတံခွန်မှာ ယခင်က ခရီးလမ်းပန်းသွားလာရန် ခက်ခဲပြီး လူသူအရောက်အပေါက် နည်းပါးခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် လမ်းများကို ပြင်ဆင်ထားပြီးဖြစ်ရာ ဆိုင်ကယ်၊ ကားများဖြင့်လည်း သွားရောက် အပန်းဖြေနိုင်ပြီဖြစ်ကြောင်း ဦးဟောက်ကျင်မုန်က ပြောသည်။

ရာမညအပန်းဖြေစခန်း တည်ဆောက်ရေးအတွက် ရွှေဇနက ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်း ရင်းနှီးမြှုပ်နှံရန် လျာထားကြောင်း ထပ်မံသိရှိရသည်။

Written by – ထိုက်ထိုက်

 

Advertisements
<

Leave a Reply