Advertisements

သထုံ၊ အောက်တိုဘာ ၁၀ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက်တွင် အောက်တိုဘာ ၉ ရက်က WY ဆေးပြားများနှင့် ဆေးခြောက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

“မူးယစ်ဆေးတွေ သုံးစွဲနေတဲ့ လူငယ်တွေ အိမ်တစ်အိမ်မှာရှိနေတယ်လို့သတင်းအရ ဝင်ရောက်ရှာဖွေတာ ဆေးသုံးစွဲနေတဲ့ လူငယ်(၃)ဦးနဲ့အတူ ဆေးပြားတွေ၊ ဆေးခြောက်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ကိုတော့ ဥပဒေအရ ဆက်လက်အရေးယူသွားမှာပါ။”ဟု ကျိုက်ထိုမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လူငယ်များမူးယစ်ဆေးဝါးများသုံးစွဲနေကြောင်း သတင်းအရ ကျိုက်ထိုမြို့မ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အောင်သပြေ(၄) လမ်းရှိ မင်းဇင်ဖြိုး၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ အိပ်ခန်းအတွင်း မင်းဇင်ဖြိုး(၂၆)နှစ်၊ ပြည့်ဝအောင် (၂၄)နှစ်၊ သန့်ဇင်ဝင်း(၂၄)နှစ်တို့ကို မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသော ဆက်စပ် ပစ္စည်းများနှင့်အတူ ဆေးသုံးစွဲနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှာဖွေရာတွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေး (၂၆၇)ပြား၊ အစိမ်းရောင်(၂)ပြား၊ စုစုပေါင်း (၂၆၉)ပြား ကာလတန်ဖိုးကျပ်(၁၃)သိန်းကျော်၊ ဆေးခြောက်အရွက်အမှုန့်(၁)ရွေးသားခန့် ကာလတန်ဖိုးကျပ် (၅၀၀၀)ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မင်းဇင်ဖြိုး၊ ပြည့်ဝအောင်၊ သန့်ဇင်ဝင်းတို့ (၃)ဦးအား ကျိုက်ထိုမြို့မရဲစခန်းမှ မယ(ပ)၃/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/ ၁၉ (က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

Written by – MMK

Advertisements
<

Leave a Reply