ဟိန်းထက်

ကျိုက်ထို၊ ဖေဖော်ဝါရီ ၉ ။ ။ မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်၊ ဘုရားသုံးဆူတောင်ပေါ်ရှိ သီတဂူ အာရောဂျဒါနသံဃာ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၉ ရက်မှ ၁၄ ရက်အထိ သီတဂူမျက်စိအထူးကုအဖွဲ့မှ ၆ ရက်တိုင်တိုင် အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ် ကုသ ပေးသွားမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ ကိုမင်းမင်းက ပြောကြားသည်။

ဟိန်းထက်
ဟိန်းထက်

“အခု ဒုတိယအကြိမ် လူနာအရေအတွက် စာရင်းပေးထားတာတော့ ၆၀၀ ကျော်ရှိတယ် ဒီနေ့က ပထမနေ့ ဆိုတော့ ဘယ်နှစ်ယောက်လောက်ခွဲစိတ်ရမယ် ဆိုတာမသိသေးဘူး၊ ခွဲစိတ်ဖို့ လိုအပ်တဲ့ လူနာတွေကို ခွဲစိတ်ပေးမှာဖြစ်ပြီး စမ်းသပ်ပြီး ခွဲစိတ်ဖို့ မလိုအပ်သေးတဲ့ သူတွေအတွက် မျက်စဉ်းဆေး၊ သောက်ဆေးပေးမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်နှင့် မော်လမြိုင်မှ ပါရဂူများမှ လာရောက်စမ်းသပ် ခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိ သူများ ကဆိုသည်။

မျက်စိအခမဲ့ ခွဲစိတ်ကုသရန် အတွက် ငွေကြေးချို့တဲ့သူများ အားထားရာတစ်ခုဖြစ်ပြီး မော်လမြိုင်၊ ပဲခူးဘက်မှ လာရောက် မျက်စိကုသသူများရှိကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

မျက်စိကုသသူများ အဆင်ပြေစေရန် ဘုရားသုံးဆူတောင်ပေါ်တွင် ၉ ရက်မှ ၁၄ ရက်ထိ နေ့လယ်စာ၊ ညစာတို့လည်း ကျွေးမွေးပြီး သောက်ရေသန့်များကိုလည်း မြို့နေပြည်သူများမှ လှူဒါန်းထားပြီး မျက်စိ ခွဲစိတ်ပြီးသောလူနာများ နေထိုင်ရန်အတွက်လည်း နေရာများ ပြင်ဆင်ထားကြောင်း ၎င်းက ရှင်းပြသည်။

“အန်တီတို့က မော်လမြိုင်ကပါ အန်တီယောကျင်္ားက ခွဲစိတ်ရမှာ အပြင်မှာခွဲစိတ်ဖို့က ငွေကြေးမတတ်နိုင်ဘူး ရန်ကုန်မှာ မျက်စိသွားပြရင်းနဲ့ ဒေါက်တာက ပြောတယ် ‘၂လပိုင်းဆိုရင် သီတဂူ မျက်စိ အခမဲ့ခွဲစိတ်ပေးမယ့် အစီအစဉ်ရှိတယ် ပါရဂူတွေလည်းစုံတယ်ဆိုတော့ အန်တီတို့အတွက် ပိုအဆင်ပြေနိုင်တယ်’ဆိုပြီး အဲဒါနဲ့ အန်တီတို့လည်း မနေ့ကရောက်လာကြတာ”ဟု မော်လမြိုင်မြို့မှ မျက်စိလာခွဲသောလူနာရှင် ဒေါ်မြင့်မြင့်စိန်က ပြောသည်။

ယခုအကြိမ် မျက်စိအခမဲ့ခွဲစိတ်ကုသပေးခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင်လည်း မျက်စိခွဲစိတ် ကုသမှု ပြုလုပ်ခဲ့ရာ မျက်စိခွဲစိတ်သည့် လူနာပေါင်း ၂၀၀၀ ကျော် ခွဲစိတ်ပေးခဲ့ကြောင်း ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းများထံမှသိရှိရသည်။

ယင်းဆေးရုံသို့ သီတဂူဆရာတော် အရှင်ဉာဏိဿရ လာရောက်မည်ဖြစ်ပြီး ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ ည ၈နာရီ ကျိုက်ထိုမြို့နယ် အားကစားကွင်းအတွင်း တရားဟောကြားမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် လူမှုကူညီရေး အသင်းများထံမှ သိိရသည်။

Leave a Reply