သထုံ၊ အောက်တိုဘာ ၅ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်ပေါ်သို့ ရသေ့တောင်မှ ကောင်းကင်ကေဘယ်လ်ကား စတင်ပြေးဆွဲပါက မူးယစ်သောက်စားထားသူများနှင့် ကျန်းမာရေးမကောင်းသော သက်ကြီးရွယ်အိုများအား စီးနင်းခွင့် ကန့်သတ်သွားမည်ဖြစ်ကြောင်း Sky Asia ကုမ္ပဏီထံမှ သိရှိရသည်။

ဘုရားဖူးပြည်သူများ စိတ်လက်ချမ်းသာစွာ ရှုခင်းများကြည့်ရှုကာ စေတီတော်အား ဖူးမျှော်နိုင်ရေး၊ အနှောင့်အ ယှက်ဖြစ်စေသောပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ကန့်သတ်သွားမည်ဖြစ်ကြောင်း Sky Asia ကုမ္ပဏီမှ အကြံပေး ဦးမျိုးဝေကပြောသည်။

“ကေဘယ်လ်ကားပေါ် မတက်ခင်ကတည်းက ကုမ္ပဏီလုံခြုံရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက စနစ်တကျစစ်ဆေးပြီးမှ စီးနင်းခွင့်ပေးမှာပါ။

အသက်ကြီးတဲ့သူဆိုရင်လည်း တချို့က ကျန်းမာရင် စီးနင်းခွင့်ရမှာပါ။ မကျန်းမာတဲ့သူ ဆိုရင်တော့ သူတို့ရဲ့ကျန်းမာရေးအခြေနေအရ စီးနင်းခွင့်ပြုမှာမဟုတ်သလို မူးယစ်သောက်စားထားသူဆိုရင်လည်း စီးနင်းခွင့်ပေးမှာမဟုတ်ပါဘူး။ ဒါကလည်း ကေဘယ်လ်ကားစီးသူတွေ စိတ်ညစ်ညူးမှု မရှိစေဘဲ အေးဆေးစွာစီးစေချင်လို့ပါ”ဟု ဦးမျိုးဝေကပြောသည်။

ကေဘယ်လ်ကားစီးနင်းသူများ ဘေးကင်းစိတ်ချစွာ စီးနင်းနိုင်ရေးအတွက် ကောင်းမွန်စွာဆောင်ရွက်ထားပြီး ပိုမိုစိတ်ချစွာစီးနင်းနိုင်ရန် လူစီးနင်းမှုမစတင်ခင် လူအလေးချိန်အတိုင်း ပစ္စည်းများတင်ဆောင်ကာ စမ်းသပ်ပြေး ဆွဲသွားမည်ဖြစ်ပြီး စိတ်ချလုံခြုံသည့် အနေထားရောက်မှ ခရီးသည်များအား လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း ဦးမျိုးဝေက ဆက်ပြောသည်။

ကေဘယ်လ်ကားအား လုံခြုံစိတ်ချစွာစီးနင်းနိုင်ရေး အစမ်းပြေးဆွဲမှုအစီစဉ်အား နိုဝင်ဘာလ ပထမအပါတ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ နိုဝင်ဘာလ နောက်ဆုံးအပါတ်တွင် ဘုရားဖူးပြည်သူများ စတင်စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုးစေတီတော်သို့ ကောင်းကင်ကေဘယ်လ်ကားဖြင့်တက်ရောက်နိုင်ရန် မူလက သီတင်းကျွတ်လပြည့် နေ့အမီ ပြေးဆွဲသွားမည်ဟု အများပြည်သူအား အသိပေးထားသော်လည်း မိုးများပြီး လုပ်ငန်းအခက်အခဲများ ကြောင့် အချိန်မီပြီးစီးမှုမရှိသဖြင့် မူလသတ်မှတ်ရက်ထက် နောက်ကျသွားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအား ကန်ဒေါ်လာသန်း(၂၀)ရင်းနှီးမြှုပ်နှံဆောင်ရွက်နေပြီး အောက်တိုဘာလဆန်းတွင် (၉၅)ရာ ခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကာ တွဲဆိုင်းများတပ်ဆင်ရန်သာကျန်ရှိတော့ကြောင်း သိရသည်။

ကေဘယ်လ်ကားတွဲဆိုင်းတစ်ခုလျှင် ခရီးသည်(၈)ဦး လိုက်ပါစီးနင်းနိုင်ပြီး အရံတစ်ဆိုင်းအပါအဝင် စုစုပေါင်း (၄၄)ဆိုင်းဖြင့်ပြေးဆွဲမည်ဖြစ်ကာ ကေဘယ်လ်ကားစီးနင်းခအဖြစ် ပြည်တွင်းဘုရားဖူးဖြစ်ပါက ကျပ်(၃၀၀၀)နှင့် နိုင်ငံခြားသားဘုရားဖူးဖြစ်ပါက (၅)ဒေါ်လာကောက်ခံရန် အကြမ်းဖျင်းသတ်မှတ်ထားကြောင်း သိရသည်။ 

Written by – MMK

Leave a Reply