Advertisements

မော်လမြိုင်၊ နိုဝင်ဘာ

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၊ ဂေါပကအဖွဲ့သစ်အနေဖြင့် တာဝန်ယူခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ယခင်ဂေါပကအဖွဲ့ထက် ရန်ပုံငွေ ကျပ် ၄ ဒသမ ၀၅ ဘီလီယံကျော် ပိုမိုရရှိခဲ့ကြောင်း သာသနာရေးဦးစီးဌာနက နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဂေါပကအဖွဲ့သစ်မှာ ပြီးခဲ့သည့်၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အဖွဲ့ဟောင်းထံမှ အလှူငွေ ကျပ် ၁ ဒသမ ၆ ဘီလီယံနှင့် နိုင်ငံခြား ငွေမျိုးစုံ ယူနစ် ၈ သိန်းကျော်ကို လွှဲပြောင်းရယူခဲ့ပြီး၊ ယခု ၂၀၁၆ -၁၇ ဘဏ္ဍာရေးနှစ်တွင် အလှူငွေ ကျပ် ၅ ဒသမ ၅၆ ဘီလီယံကျော်နှင့် နိုင်ငံခြားငွေမျိုးစုံ ၂၅ သိန်း ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခင်ဂေါပကလက်ထက် သီတင်းကျွတ်ကာလ၊ စေတီတော်တောင်ဖွင့်ပွဲတွင် အလှူငွေကျပ် ၁၂၇ သိန်းသာ ရရှိခဲ့ရာမှ ယခုနှစ်တွင် အလှူငွေကျပ် ၈၄၄ သိန်းထိရရှိခဲ့၍ ကျပ် ၇၁၇ သိန်းကို ပိုမို ရရှိကြောင်း ထုတ်ပြန်ထားသည်။

ယခင်က ရွှေဆိုင်းအရောင်းလုပ်ငန်းအတွက် ကန်ထရိုက်စနစ်ကျင့်သုံးခဲ့ကာ လေလံကြေးအဖြစ် တစ်နှစ်စာ ကျပ် ၆၃၈ သိန်း ရရှိခဲ့ပြီး၊ ယခုဂေါပကသစ်လက်ထက်တွင် ကျပ် ၉၆၈၅ သိန်း ရရှိခဲ့ကာ ကျပ် ၉၀၄၇ သိန်း ပိုမိုရရှိခဲ့သည်။ ယင်းအပြင် ယခင်က ရင်ပြင်တော် အလှူခံပုံးများမှ အလှူငွေ တစ်နှစ်စာမှာ
ငွေကျပ် ၄၁၁ သိန်း သာရရှိခဲ့ပြီး၊ ယခုနှစ်တွင် ငွေကျပ် ၅၂၉၈ သိန်းအထိ ရှိလာကာ ကျပ်သိန်း ၄၈၈၇ ပိုမိုရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဆည်းလည်းအရောင်းလုပ်ငန်းကို ကန်ထရိုက်စနစ်ကျင့်သုံးစဉ်က အလှူငွေကျပ် သိန်း ၁၆၇ သာရရှိခဲ့ပြီး ယခုနှစ်တွင်မူ ကျပ် သိန်း ၂၅၂၁ သိန်းအထိ တိုးတက်လာကာ ကျပ် ၂၃၅၄ သိန်း ပိုခဲ့သည်။

ကျိုက်ထီးရိုးဂေါပကအဖွဲ့သစ်အနေဖြင့် ရွှေသင်္ကန်းကန်ထရိုက်လုပ်ငန်းအပြင် အလှူခံပုံး ကန်ထရိုက် စာချုပ်စနစ်များကို ပယ်ဖျက်၍ ဘက်စုံပဒေသာပင် အလှူခံဌာန တစ်ခုသာ ဖွင့်လှစ်ခဲ့ပြီး၊ စီပွားရေးဆန်သော အနှစ် ၂၀၊ ၃၀ ရေရှည် ကန်ထရိုက် စာချုပ် ၁၄ မျိုးအား ပယ်ဖျက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တာဝန်စတင်ယူသည့် ယမန်နှစ် အောက်တိုဘာမှ ယခုနှစ် စက်တင်ဘာလအထိ ပြည်တွင်း ဘုရားဖူးဧည့်သည် ၂ ဒသမ ၆ သန်း၊ ပြည်ပဧည့်သည် ၁ ဒသမ ၁ သိန်း လာရောက်ခဲ့သည်။ စေတီရင်ပြင်တော်ရှိ တိဿဓမ္မာရုံ ပထမထပ်၊ ဆီမီး ၉၀၀၀ ဓမ္မာရုံစသည့် အခန်း ၂၉ ခန်းတွင် ဧည့်သည်နှင့် အာဂန္တုရဟန်း ၁၂၆၇ ဦး အခမဲ့ တည်းခိုနိုင်ကြောင်း၊ အဆိုပါဓမ္မာရုံ ဒုတိယ၊ တတိယ၊ စတုတ္ထထပ် နှင့် ပေ ၄၀ ဓမ္မာရုံ တည်းခိုဆောင်ရှိ အခန်း ၃၇၃ ခန်းတွင် ဘုရားဖူး ၁၄၄၀ ဦး အခပေးတည်းနိုင်ခဲ့ကာ Air-con ၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင် စသည့် ဝန်ဆောင်မှု အပါအဝင် ယခင်နှုန်းထက် သက်သာစေမည့် တစ်ဦးလျှင် ကျပ် ၅၀၀၀ ၊ ကျပ် ၁၅၀၀၀ စသဖြင့် နှုန်းထားလျော့ချသတ်မှတ်ပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဂေါပကအသစ်အနေဖြင့် စေတီရင်ပြင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ တောင်တက်ကားလမ်းများတည်ဆောက်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်းတို့ကို
တင်ဒါစနစ်ကျင့်သုံး၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply