မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ ။ ။ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအသစ်လက်ထက်တွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလ ၁၅ ရက်ထိ အလှူခံရရှိငွေသည် ငွေကျပ်သိန်းပေါင်း ၂၁၀ဝ၀ ကျော်ထိ ရရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းအလှူခံရရှိငွေများထဲတွင် တောင်တတ်ကားလမ်းပြုပြင်ရန် အလှူခံရရှိငွေ၊ ရွှေဆိုင်းရောင်းချမှုမှရရှိသည့် အလှူငွေနှင့် ဘက်စုံ အလှူခံပုံးများမှ ရရှိငွေသည် ကျပ်သိန်းပေါင်း ၁၅၀ဝ၀ ကျော်ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ထိုပြင် ကျိုက်ထီးရိုးအလှူခံပုံးများတွင် နိုင်ငံခြားငွေဖြစ်သည့် အမေရိကန်ဒေါ်လာ ၆၈၁၂ ဒေါ်လာနှင့် ထိုင်းဘတ် ၂၇၀ဝ၀ဝ ကျော်ကိုလည်း အလှူငွေအဖြစ် ရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယခင်နှစ်တွေထက် အလှူငွေ ပိုမိုရရှိတာကတော့ အချက်ငါးချက်ကြောင့်ပေါ့၊ လမ်းမှာ အလှူခံတွေ မရှိတော့တဲ့အတွက် ဂေါပကအလှူခံပုံးမှာ လှူတာများတယ်၊ နောက်တစ်ခါ ဘက်စုံအလှူခံဌာနရှိတယ်၊ အဲ့မှာလည်း အရင်ထက် လှူတာများတယ်၊ နောက်ပြီး ရွှေဆိုင်းဌာန၊ အဲ့ဒီကလည်း တစ်လတစ်လကို အမြတ်ငွေ သိန်း ၈၀ဝ လောက်ရတယ်၊ ပြီးတော့ ခေါင်းလောင်း ရောင်းတာလည်း ဂေါပကအဖွဲ့က ကိုင်တဲ့ အတွက်ကြောင့် ပိုရလာတာပေါ့”ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးစိန်မြင့်က ပြောဆိုသည်။

ယခင် ဂေါပကလက်ထက်မှ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်၏ ဘဏ္ဍာငွေစာရင်း လက်ကျန် သိန်းပေါင်း ၁၆၀ဝ၀ ကျော်ကို ဂေါပကအသစ်ထံ လွှဲပြောင်းပေးခဲ့သည်။
ဂေါပကအသစ်လက်ထက်တွင် လေးလအတွင်း ဘဏ္ဍာငွေရရှိမှုမှာ သိန်းပေါင်း ၂၁၀ဝ၀ ကျော်ရရှိခဲ့သဖြင့် ယခင် ဂေါပကလက်ထက်မှ ဘဏ္ဍာငွေမျာနှင့် ပေါင်းစပ်ပါက စုစုပေါင်းဘဏ္ဍာငွေ သိန်းပေါင်း ၃၇၆၀ဝ ကျော် ရရှိထားကြောင်း ဦးစိန်မြင့်က ဆိုသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအသစ်ကို အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

Written by – ဟိန်းထက်

Leave a Reply