မွန်ပြည်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် တောင်ခြေ ကင်မွန်းစခန်းကျေးရွာ အနီးတွင် ဟိုတယ် ဇုန် တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကဆိုသည်။

kty

လက်ရှိအချိန်တွင် အဆိုပါ ကိစ္စကို လာမည့် ပွင့်လင်းရာသီ တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီး ဋ္ဌာန ၊ အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းကရှင်းပြသည်။

“လက်ရှိအချိန်မှာတော့ ပုံစံတင်တာတွေ ခွင့်ပြုချက်ရရှိဖို့အတွက်တွေ လုပ်ဆောင်နေပါတယ်၊ ဟိုတယ်ဇုန်ကို ဟိုတယ်လုပ်ငန်းရှင်များအသင်းကဦးဆောင်ပြီး ပြည်တွင်းလုပ်ငန်းရှင်တွေပူးပေါင်း ဆောက်လုပ်တာပါ”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ တည်းခိုမှုအဆင်ပြေစေရန်၊ အဆင့်တန်းမှီစွာ တည်းခိုနိုင်ရန် နှင့်ခရီးသွားဧည့်သည်များ တည်းခိုမှု လိုအပ်ချက်များအရ ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းကျေရွာအနီးတွင် ဆောက်လုပ်မည့် ဟိုတယ်ဇုန်စီမံကိန်းတွင် အထပ်မြင့် ပုံစံဆောက်လုပ်သွားမည်မဟုတ်ပဲ နှစ်ထပ်တိုက်နှင့် ဘန်ကလိုများကို နိုင်ငံတကာ အဆင့်မီပုံစံမျိုးဖြင့် ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါဟိုတယ်ဇုန်တွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကားပါကင်များ ပါဝင်ပြီး မြေဧက ၁၅၀ ကျော်တွင် အကောင်အထည်ဖော်ဆောက်လုပ်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

ကျိုက်ထီးရိုးစေတီတော်သည် ပြည်တွင်းပြည်ပခရီးသွားဧည့်သည် သန်းနဲ့ချီဝင်ရောက်လျက်ရှိပြီး ခရီးသွား ဧည့်သည်များအတွက် တည်းခိုရန်နေရာ ခက်ခဲမှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Reply