မော်လမြိုင် မတ်

မွန်ပြည်နယ်၏ အထင်ကရ ကျိုက်ထီးရိုးတောင်တော် ပတ်ဝန်းကျင် သန့်ရှင်းလှပစေရေး နှင် လူနေမှုဘဝ အခြေအနေ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်နယ်အစိုးရအနေဖြင့် နှစ်စဉ် ငွေကျပ် သန်း ၁၅ဝခန့် သုံးစွဲရမည်ဖြစ်ကြောင်း စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လေ့လာဆန်းစစ်ချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကျိုက်ထီးရိုးရင်ပြင်တော် နှင့် အနီးပတ်ဝန်းကျင်ရှိ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လေ့လာဆန်းစစ်ချက် အစီရင်ခံစာကို မွန်ပြည်နယ်အစိုးရ၏ တောင်းဆိုမှုကြောင့် UNDP မှ ဝန်ထမ်းများနှင့် ကိုယ်စားလှယ်များသည် ဇန်နဝါရီ ၂၇ရက်တွင် ကျိုက်ထီးရိုးတောင်တော်သို့ သွားရောက်ကာ စွန်ပစ်အမှိုက်နှင့် ပတ်သတ်ပြီး လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း UNDP မှ ဒေါ်မွန်မွန်သိန်းက ပြောကြားသည်။

“UNDP အနေနဲ့က နည်းပညာအားဖြင့် ပါဝင်ရမှာဖြစ်ပြီး စွန့်ပစ်အမှိုက်နဲ့ ပတ်သတ်ပြီး UNDP ဝန်ထမ်းတွေနဲ့ ပညာရှင်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်၊ လက်တွေ့လည်းကျရမယ်၊ ဘတ်ဂျက်လည်း အများကြီး ကုန်ကျစရာ မလိုဘဲ ဘုရားဖူးတွေဆီကနေပြီး ပြန်လည်ရရှိနိုင်မယ့်နည်းကို အစီရင်ခံစာမှာ အကြံပြုထားပါတယ်” ဟု ၎င်းက ပြောသည်။

ကျိုက်ထီးရိုးတောင်တော် သန့်ရှင်းသာယာရေးအတွက် သုံးစွဲကုန်ကျမည့် ငွေပမာဏသည် ဘုရားဖူးခရီးသည် တစ်ဦးချင်းစီ တောင်တက်ကားခ၏ ၁ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု တွက်ချက်ဆန်းစစ်ရကြောင်း ၊ UNDPအဖွဲ့သည် အမှိုက်စွန့်ပစ်မှုနှင့် ပတ်သတ်၍ မော်လမြိုင်မြို့နှင့် အနီးပတ်ဝန်းကျင်ကို လေ့လာ ဆန်းစစ်နေပြီး ဖြည့်စွက်မှုအနေဖြင့် ကျိုက်ထီးရိုးတောင်တော် ပတ်ဝန်းကျင် အမှိုက်စွန့်ပစ်မှုကို လေ့လာဆန်းစစ်နေခြင်းဖြစ်ကြောင်း ထပ်မံပြောသည်။

တောင်တော် သန့်ရှင်းလှပစေရန်အတွက် ပိုမိုကောင်းမွန်သော အကြံဉာဏ်၊ ပူးပေါင်း ပါဝင်မှု၊ ကြိုးစားအားထုတ်များဖြင့် လုပ်ဆောင်ပါက ဘုရားကြီး ပတ်လည် သာယာသန့်ရှင်းလာမှာဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“အမှိုက်ခွဲစက်က အဆုံးသတ်အမှိုက်ကိစ္စကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မယုံထားပါဘူး၊ ပွင့်ပွင်းလင်းလင်းပြောတာပါ၊ မိုးတွင်းရောက်ရင် အခက်အခဲတွေ အများကြီးကြုံရမယ်ဆိုတာ သိပါတယ်၊ ကျွန်တော်တို့ ကြိုးကြိုးစားစားလုပ်ရမှာပါ၊ အစိုးရအဖွဲ့သာမက အားလုံးပူးပေါင်း ပါဝင်မှ အောင်မြင်နိုင်မှာပါ” ဟု ၎င်းက ပြောသည်။

ပြည်နယ်အတွင်း စည်းကမ်းရှိပြီး သန့်ရှင်းလှပသော သာ့သနာ့ နယ်မြေတစ်ခု ဖြစ်ပေါ်လာစေရန် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း ဆက်လက်ပြောကြားသည်။

ထိုက်ထိုက်

Leave a Reply