(ဓါတ်ပုံ အညွှန်း – ကျိုက်ထီးရိုး စေတီတော် မြတ်ကြီးအား ဘုရားဖူး ဧည့်သည်များ လာရောက် ဖူးမျှော် နေသည်ကို တွေ့ရစဉ်)

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တွင် ရဟန်းဝတ်၍ ဝတ္ထုငွေရရန် အလှူခံလျက်ရှိသော ရဟန်းများ အပါအဝင် သီလရှင်၊ ရသေ့ အပါး ၅၈ ပါးခန့်ကို ဖေဖော်ဝါရီ ၁၃ ရက်က မြို့နယ်သံဃနာယက အဖွဲ့များ၊ ဂေါပကအဖွဲ့များနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း၍ အရေးယူဆောင်ရွက်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ် သာသနာရေးမှူး ဦးဝေနိုင်က ပြောကြားသည်။

(ဓါတ်ပုံ အညွှန်း – ကျိုက်ထီးရိုး စေတီတော် မြတ်ကြီးအား ဘုရားဖူး ဧည့်သည်များ လာရောက် ဖူးမျှော် နေသည်ကို တွေ့ရစဉ်)

“ခြင်္သေနှစ်ကောင်အတွင်းကနေပြီးတော့ ရင်ပြင်တော်အတွင်းမှာ ဘုရားဖူးတွေ အနှောင့်အယှက် မဖြစ်စေရေး အတွက် အလှူခံခြင်း မပြုဖို့ ဆိုပြီးတော့ သံဃနာယက ဂိုဏ်းစုံရဲ့ ဆုံးဖြတ်ချက်နဲ့ ကျိူက်ထီးရိုး တောင်ပေါ်မှာ ရှိတဲ့ ကျောင်းတွေကို အကြောင်းကြားပြီးထားပေါ့၊ အဲ့တာတွေကို မလိုက်နာတဲ့ ရဟန်း၊ ကိုရင်တွေကို ခေါ်ယူ စစ်ဆေးခဲ့တာပေါ့”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါရဟန်း၊ ကိုရင်၊ သီလရှင်နှင့် ရသေ့များကို ကျိုက်ထိုမြို့နယ် သံဃနာယက အဖွဲ့အစည်း စစ်ဆေးပုံစံဖြင့် စစ်ဆေးမေးမြန်းခဲ့ပြီး ရဟန်း ၂၁ ပါးတွင် ယခင်ကျူးလွန်ဖူးသူ နှစ်ဦး ပါရှိသည့်အတွက် လူဝတ်လဲကာ ဥပဒေ အရ အရေးယူဆောင်ရွက်နိုင်ရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း ၎င်းက ရှင်းပြ ပြောဆိုသည်။

ကျန်ရှိသည့် ရဟန်း ၁၉ ပါးကို ဝန်ခံကတိဖြင့် ယခင်ကျောင်းတိုက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကာ ကိုရင်ကြီး ခြောက်ပါး၊ ကိုရင်ငယ် ၂၆ ပါး သီလရှင်နှစ်ပါးနှင့် ရသေ့နှစ်ပါးတို့ကိုလည်း ဝန်ခံကတိဖြင့် လူဝတ်လဲကာ မိဘများထံ ဆင့်ခေါ်၍ နောက်နောင် ဆက်လက်မပြုလုပ်ရန် ဆရာတော်ကြီးများမှ သြဝါဒပေးခဲ့ကြောင်း ၎င်းထံမှ သိရသည်။

“အခုက အသံတော်တော်ထွက်လာပြီး အရင်ကထက် ပိုဆိုးလာတယ်၊ အပေါ်မှာက အဲ့လို လုပ်စားနေကြတာလေ၊ နောက်ပြီး တရားမဝင်တဲ့ ဘ.က ဘုန်းကြီးကျောင်း တစ်ကျောင်းလည်းရှိတယ်၊ အဲ့ဒီကျောင်းက ဘုန်းကြီးကနေပြီးတော့ ရလာတဲ့ပိုက်ဆံထဲက တချို့သူ့ကို ပေးရတယ် အဲ့လိုမျိုးပေါ့”ဟု ကျိုက်ထိုမြို့နယ် အမျိုး၊ ဘာသာ၊ သာသနာ၊ အဖွဲ့ အတွင်းရေးမှူး အရှင်ပညာစက္ကက မိန့်ဆိုသည်။

ယင်းရဟန်းများ အလှူခံခြင်းမှာ ဆွမ်း၊ ကွမ်း စသည့်ပစ္စည်းများကို အလှူခံခြင်းမရှိဘဲ ဝတ္ထုငွေရရှိရေး အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည့်အပြင် သာသနာတော်နှင့် ပတ်သက်သည့် စစ်ဆေးမေးမြန်းချက်များကို ဖြေဆိုနိုင်ခြင်း မရှိသည့်အတွက် လူဝတ်လဲ အရေးယူဆောင်ရွက်ခဲ့ကြောင်း ၎င်းက မိန့်ဆိုသည်။

ယခုတစ်ကြိမ် ဖမ်းဆီးရမိမှုမှာ အနည်းငယ်သာဖြစ်ပြီး ဆက်လက်၍ မြို့နယ်သံဃနာယက အဖွဲ့များနှင့် ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ ရှောင်တခင် စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ကြောင်း အရှင်ပညာစက္ကက မိန့်ကြားသည်။
ဒုတိယအကြိမ် ဆက်လက်ကျူးလွန်သည့် ရဟန်းနှစ်ပါးကို လူဝတ်လဲ၍ တရားရုံးမှ ရာဇသတ်ကြီး ပုဒ်မ၂၉၅-က အမှုအမှတ် ၂၀၃/၂၀၁၇ ဖြင့် နေ့ချင်း စစ်ဆေးပြီး ထောင်ဒဏ်နှစ်လ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ် သာသနာရေးရုံးထံမှ သိရသည်။

Written by – ဟိန်းထက်

Leave a Reply