မော်လမြိုင်၊ မတ် ။ ။ ကျိုက်ထိုမြို့နယ်ရှိ ရသေ့တောင်မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ပြေးဆွဲရန် ဆောက်လုပ်လျက်ရှိသော ကေဘယ်ကား စီမံကိန်းကို ယခုနှစ် စက်တင်ဘာလတွင် တပ်ဆင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းတွင် တာဝန်ယူလုပ်ဆောင်နေသူတစ်ဦးထံမှ သိရသည်။

“အခုကတော့ စက်တွေစတပ်နေပြီးလေ ပြင်သစ်နိုင်ငံက မရောက်သေးတဲ့ ပစ္စည်းတွေလည်း ရှိနေသေးတယ်။ အပြီးသတ်ပြေးဆွဲနိုင်ဖို့ ပထမလျာထားချက်ကတော့ ဧပြီလပြီးမယ်ပေါ့? ဒါပေမယ့် ပစ္စည်းတစ်ချို့ မရောက်သေးဘူး ဆိုတော့ စက်တင်ဘာလလောက်ဆိုရင်တော့ အားလုံးပြီးစီးနိုင်မှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ စီမံကိန်းကို မြေသား၊ အဆောက်အဦး ဆောက်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းဟူ၍ အပိုင်း (၂) ပိုင်းခွဲကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံမှ ရောက်ရှိလာသော ပစ္စည်းအချို့ကို တပ်ဆင်နေပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် ရသေ့တောင်ရှိ Main Station Foundation များ တာဝါတိုင် Foundation များနှင့် တောင်ပေါ်တွင် စက်ထိုင်မည့် နေရာဆောက်လုပ်နေမှုများ ပြီးစီးနေပြီးဖြစ်ကြောင်း ၎င်းက ထပ်မံ ရှင်းပြပြောဆိုသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနထံမှ ကျိုက်ထီးရိုးတောရိုင်း ဘေးမဲ့တော နယ်မြေအတွင်းရှိ ၁၃ ဒသမ ၅ ဧက မြေနေရာအား နှစ် ၅၀ စာချုပ် ချုပ်ဆိုကာ ငှားရမ်း အသုံးပြုခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဝန်ထမ်းအင်အား ၆၀ဝ ခန့်အပြင် ကျွမ်းကျင်ပညာရှင်များဖြင့် အချိန်မှီ ပြီးစီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စီမံကိန်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာသန်း ၂၀ ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် MIC မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စီမံကိန်း အကြံပေး အရာရှိ ဦးအောင်သန်းက ရှင်းပြသည်။

ကေဘယ်ကား စီမံကိန်းပြီးစီးပါက ရထားတွဲ ၄၃ တွဲပြေးဆွဲမည်ဖြစ်ပြီး တစ်တွဲလျှင် ရှစ်ဦးခန့် စီးနိုင်မည် ဖြစ်ကြောင်း စီမံကိန်း တည်ဆောက်သူများထံမှ သိရသည်။
ကေဘယ်ကားသည် မြေပြင်မှ အနိမ့်ဆုံး ပေ ၂၀ နှင့် အမြင့်ဆုံး ပေ ၄၀ ခန့် အမြင့်ရှိမည်ဖြစ်ပြီး စီးနင်းမှု ကြာချိန်မှာ ၁၀ မိနစ်ခန့်ရှိကြောင်းနှင့် ယာဉ်စီးခ ဈေးနှုန်းများကို မသတ်မှတ်ရသေးကြောင်း ဦးအောင်သန်းထံမှ သိရသည်။

Written by – ဟိန်းထက်

Leave a Reply