မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ပေါ်ရှိဝန်ဆောင်မှုလုပ်ငန်းများကို ၂လတစ်ကြိမ် ဝန်ကြီးချုပ်ကိုယ်တိုင်သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဟင်္သာမီဒီယာသို့ပြောကြားသည်။

UmmO

လက်ရှိတောင်ပေါ်တွင်ဖြစ်ပေါ်နေသော ပြဿနာများအနက် ရေရှားပါးမှုပြဿနာများ၊ အမှိုက်သိမ်းစနစ်၊ မိလ္လာစနစ်ကောင်းမွန်ခြင်းမရှိခြင်း၊ အစားအသောက် ညံ့ဖျင်းမှုများ၊ တောင်တက်ကားဝန်ဆောင်မှုညံ့ဖျင်းမှုများကိုအကြမ်းအားဖြင့် သိရှိထားပြီးဖြေရှင်းပေးရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများကိုလုပ်ကိုင်ခွင့်ရရှိထားသူများသည် တာဝန်ယူမဖြေရှင်းပေးနိုင်ပါကအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။
“ဒီတောင်ကြီးကိုမှီပြီးလုပ်ကိုင်စားသောက်နေတဲ့သူအားလုံး ပြင်ဆင်ပြောင်းလဲဖို့လိုပြီ၊ သူတို့မပြောင်းလဲဘူးဆိုရင်၊ ကျွန်တော်ကိုယ်တိုင်ကပြောင်းလဲပေးရလိမ့်မယ်၊ အဲ့အခါကျရင်တော့ ထိခိုက်မှာပေါ့ ”ဟုဦးမင်းမင်းဦးကဆိုသည်။

ကျိုက်ထီးရိုးတောင်ပေါ်သို့ လာရောက်သည့် ဘုရားဖူးပြည်သူများမကြိုက်နှစ်သက်သည့် အချက်များမရှိစေရန်ဝန်ဆောင်မှုလုပ်ငန်းများကိုစနစ်တကျ ကောင်းမွန်လာဖို့ လိုအပ်ကြောင်း ၎င်းကဆိုသည်။

ကျိုက်ထီးရိုးဂေါပကအဖွဲ့ကိုဖွဲ့စည်းရာတွင် မြို့ခံပြည်သူများကိုဦးစားပေးရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်းဝန်ကြီးချုပ်ကဆိုသည်။
“ဒီတောင်ကိစ္စကိုဂေါပကကဘာပဲလုပ်လုပ် ပြည်နယ်အစိုးရအဖွဲ့ကတာဝန်ခံရတာပဲလေ၊ ဂေါပက ကမထိန်းနိုင်ဘူးဆိုရင်၊ ပြည်နယ်အစိုးရမှာလာပိတာပေါ့၊ ဒီကိစ္စကအရေးကြီးတယ် ၊ ကျွန်တော် ဂရုတစိုက်ကိုင်တွယ်ပါ့မယ်၊ တာဝန်ကလည်းတော်တော်ကြီးတယ်၊ ဂေါပကအဖွဲ့ချည်းလွှတ်မထားပါဘူး”ဟုဦးမင်းမင်းဦးကဆိုသည်။

ကျိုက်ထီးရိုးဂေါပကအဖွဲ့ ရွေးချယ်ရေးနှင့် စည်းမျဉ်းစည်းကမ်းများကို ပြည်ထောင်စုအဆင့်အနေဖြင့်သတ်မှတ်ရေးဆွဲနေကြောင်း၎င်းကဆိုသည်။

ဇွန်လ ၂၆ ရက်နေ့ကသာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုသည် ကျိုက်ထီးရိုးတောင်ပေါ်ရှိရိုးရိုးလေးကုမ္ပဏီမှ ခွင့်ပြုချက်မဲ့ဆောက်လုပ် ထားသောအခန်းပေါင်း ၁၀၆ခန်းအားတစ်လအတွင်းဖျက်သိမ်းပေးရန် ညွှန်ကြားခဲ့သည်။

Leave a Reply