ကျိုက်ထီးရိုးတွင် စည်းကမ်းမဲ့ပျံကျဈေးသည်များကို ဖမ်းဆီးသည့်ဂေါပကအား တရားပြန်လည်စွဲဆို၍ အခက်ကြုံ

မော်လမြိုင်၊ မတ်

ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဘုရားရင်ပြင်တော်၌ လာရောက်ရောင်းချသူ ဈေးသည်များနှင့် စည်းကမ်းမဲ့ ပျံကျဈေးသည်များကို ဂေါပကအဖွဲ့နှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူတို့က လိုက်လံဖမ်းဆီးရာတွင် ဈေးသည်များက ပြန်လည်တရားစွဲဆိုခြင်းများကြောင့် ဂေါပကအဖွဲ့ အနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကျိုက်ထီးရိုးဘဏ္ဍာတော်ထိန်း၊ ဂေါပက အဖွဲ့ဝင် ဦးစိုးနောင်ဦးက ပြောသည်။

“ရင်ပြင်တော်ပေါ်မှာ ဈေးမရောင်းရဘူးလို့ သတ်မှတ်ထားတယ်။ ဒါပေမဲ့ စည်းကမ်းမဲ့ရောင်းတယ်။ ရောင်းတဲ့အခါကျ ဖမ်းရဆီးရတဲ့ အနေအထား ဖြစ်လာတယ်။ ဖမ်းတဲ့အခါကျတော့ ကျွန်တော်တို့ဂေါပကအဖွဲ့ကို တရားစွဲတဲ့ အနေအထားတွေ ဖြစ်လာတယ်” ဟု၎င်းက ပြောသည်။

ယင်းသို့ ဂေါပကအဖွဲ့များအနေနှင့် အမှုဖွင့်ခံရ၊ တရားစွဲခံရသည်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းတာဝန်ရှိသူများမှ အမှုဖွင့် အရေးယူရန်သင့်၊မသင့်ကို ချင့်ချိန်စဉ်းစားဖို့ လိုအပ်သည်ဟုလည်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

“အုပ်ချုပ်ရေးအရဖြစ်ဖြစ်၊ စည်းကမ်းထိန်းသိမ်းရေးအရဖြစ်ဖြစ်၊ ဒါကတော့ မဖြစ်မနေရှိရမယ့်ဟာပေါ့။ သို့သော် တစ်ဖက်မှာ တရားစွဲလိုက်တဲ့ အပေါ်မှာ အမှုဖွင့်တဲ့ ရဲစခန်းကလည်း ဆင်ခြင် စဉ်းစားသင့်တယ်။ ဘယ်လို ဖြစ်စဉ်တွေ အခြေခံပြီးဖြစ်လာသလဲဆိုတာကို စဉ်းစားပြီးမှ အမှုဖွင့်အရေးယူသင့်၊ မသင့် အကျေအလည် ညှိနှိုင်းမှုတွေလုပ်ဖို့တော့လိုတယ်”ဟု ၎င်းက ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဈေးသည်များအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအပေါ် လိုက်နာမှုမရှိပါက ဥပဒေအတိုင်း တင်းတင်းကျပ်ကျပ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၇ သြဂုတ်လ၃၀ ရက်နေ့က ကျိုက်ထီးရိုးဈေးသူဈေးသားများနှင့် တွေ့ဆုံစဉ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အသိပေးပြောကြားထားသည်။

လက်ရှိအချိန်မှာမူ စည်းကမ်းမလိုက်နာသည့် ဈေးသည်များကို အရေးယူဖမ်းဆီးနိုင်ရန်အတွက် ဥပဒေအရ အားနည်းမှုအချို့ ရှိနေသည့်အတွက် ထိထိရောက်ရောက် တားဆီးနိုင်မည့် ဥပဒေ၊ ဒေသန္တရ အမိန့်ထုတ်ပြန်ရန် လိုအပ်သည်ဟုလည်း ဦးစိုးနောင်ဦးက ဆန္ဒပြု ပြောဆိုခဲ့သည်။

Written by သက်ပိုင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.