မွန်ပြည်နယ် ၊ကျိုက်ထီးရိုးစေတီပတ်ဝန်းကျင်ဒေသစိမ်းလန်းစိုပြည်ရေးအတွက် ဘုရားမှရရှိသည့် လှူဒါန်းငွေ သိန်း၂၁ဝကျော်ကို အသုံးပြုမည်ဖြစ်ကြောင်းမွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာမင်းကြည်ဝင်းကဟင်္သာမီဒီယာသို့ပြောကြားသည်။

khy view

ကျိုက်ထီးရိုးဒေသအနီးရှိသစ်တောများနှင့် အခြားသဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနိုင်သည့်နေရာများတွင် အသုံးပြုရန် ပြည်နယ်ဘတ်ဂျက်သို့ တင်ပြထားရာကျိုက်ထီးရိုးဂေါပကရန်ပုံငွေသိန်း ၂၁၀ကျော်ကိုအသုံးခွင့်ပြုသည့် အကြောင်းကြားစာကိုဇွန်လ ၂၇ရက်နေ့က ပေးပို့ခဲ့ကြောင်းဒေါက်တာမင်းကြည်ဝင်းကဆိုသည်။

“ကျိုက်ထီးရိုးဒေသစိမ်းလန်းစိုပြည်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအတွက် ကျိုက်ထီးရိုးဂေါပကရဲ့ ရန်ပုံငွေတွေကိုအဓိကထားသုံးမယ်၊ ခွင့်ပြုမိန့်စာရွက်ကတော့ကျလာပြီ၊ဘတ်ဂျက်ကျတာ မြန်ရင်မြန်သလိုချက်ချင်းလုပ်လို့ရတယ်”ဟုဒေါက်တာမင်းကြည်ဝင်းကပြောသည်။

မွန်ပြည်နယ်အစိုးရကရရှိထားသည့်စာရင်းအရကျိုက်ထီးရိုးဂေါပကရန်ပုံငွေပေါင်းသိန်း(၁၂ဝဝဝ)ရှိပြီးယင်းအနက်မှ သိန်း ၂၁၀ ကျော်ကိုသုံးစွဲရန်လျာထားခြင်းဖြစ်ကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနထံမှ သိရသည်။

ထိုရန်ပုံငွေကို သစ်တောဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနတို့ ပူးပေါင်းရေးဆွဲထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက်အတိုင်းသုံးစွဲသွားမည်ဖြစ်ကြောင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကဆက်လက်ပြောသည်။

ကျိုက်ထီးရိုးပတ်ဝန်းကျင်ရှိ ရွာများသည်လောင်စာအနေဖြင့် ထင်းကိုအဓိကထားသုံးစွဲသည့်အတွက် သစ်တောပြုန်းတီးမှုဖြစ်လာနိုင်သဖြင့် ထင်းကုန်သက်သာသည့်စွမ်းအားမြင့်မီးဖိုကိုအသုံးပြုစေရန် ဝေငှပေးရန်စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် တောမီးလောင်မှုမဖြစ်ပွားစေရန်အတွက် ကျိုက်ထီးရိုးစေတီတစ်ဝိုက်ရှိသစ်တောများတွင် မီးတားလမ်းများထားရှိဆောင်ရွက်ပေးနိုင်ရန်စီစဉ်နေကြောင်းလည်းအဆိုပါဝန်ကြီးကပြောသည်။

Leave a Reply