မော်လမြိုင်၊ မတ် ၁၆

မွန်ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုထားသည့် ကျိုက်ထီးရိုးဘုရားကို နိုင်ငံတော်သမ္မတရုံးက ပေးပို့လာသည့်စာအတိုင်း လိုက်နာကျင့်သုံးပြီး ပိတ်ထားသင့်ကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၆ ရက်က မွန်ပြည်နယ်လွှတ်တော်တွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်နယ်အစိုးရက ခွင့်ပြုထားသည့် ကျိုက်ထီးရိုးဘုရားကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်အတိုင်းအတာတစ်ခုအထိ ပိတ်ထားသင့်သည်ကို တပြေညီဆုံးဖြတ်ခဲ့ကြပြီး ယင်းညှိနှိုင်းအစည်အဝေးဆုံးဖြတ်ချက်ကို ပြည်နယ်အစိုးရအဖွဲ့သို့ ယနေ့ ညနေပိုင်းတွင် ပေးပို့ခဲ့သည်။

“ဒါကို အစိုးရအဖွဲ့က လတ်တလောစဉ်းစားဆင်ခြင် ချက်ချင်းသုံးသပ်ပေးနိုင်ဖို့ ထည့်သွင်းရေးထားပါ့မယ် အကယ်၍ မလုပ်ဘူးဆိုရင် အရေးပေါ်အစည်းအဝေးခေါ်မယ် ခေါ်ဖို့ကိုလည်း ကိုယ်စားလှယ်အားလုံးဒီနေ့ဆွေးနွေးချက်ထဲမှာ သဘောတူထားပါတယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဈေးသူဈေးသားများ၏ စားဝတ်နေရေးကို လစ်လျူရှူပြီး ပြောကြားခြင်းမဟုတ်ဘဲ လက်ရှိဖြစ်ပေါ်နေသည့် ရောဂါအခြေအနေက ကျိုက်ထီးရိုးတောင်ပေါ်မှာ နိုင်ငံခြားသားများ တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပကို ဖြတ်ကျော်ပြီး ဝင်ရောက်လာသည့် ဘုရားဖူးများ လည်း ရှိသည့်အတွက် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက မိမိတို့မွန်ပြည်နယ်သည် သမိုင်းတရားခံ အဖြစ်မခံချင်ကြောင်း ၎င်းက ဆိုသည်။

“ဘုရားဖူးတွေအတွက်ရောင်းချနေတဲ့ ဈေးဆိုင်တွေနဲ့ပတ်သက်ပြီး အခွန်အခတွေကို လျော့ပေါ့ပြီး စဉ်းစားပေးလို့ရပါတယ်။ နောက်ပြီးတော့ သူတို့လည်း အတိုင်းအတာတစ်ခုအထိ ရောင်းချခွင့်ရနေအုံးမှာပဲ”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အစိုးရအဖွဲ့က ဖြစ်စေသည့်ပုံစံမှာ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပြီးမှသာ ခွင့်ပြုသော်လည်း လက်ရှိ မတ်လ ၁၆ ရက် မနက်မှာ ဖြစ်သွားသည့်ပုံစံက စီမံခန့်ခွဲမှုအားနည်းမှုအရ မထင်မှတ်သည့် လူဦးရေပြွတ်သိပ်သွားသည့်ပုံစံဖြစ်သွားခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦးက ဆိုသည် ။

“ဒီအခြေအနေရ ကျွန်တော်တို့ မြင်ကြည့်လို့ရှိရင် မသင့်တော်ဘူး ဒါနဲ့ပတ်သက်ပြီးတော့ ကျိုက်ထီးရိုးတောင်ကို နိုင်ငံတော်ရဲ့ ထုတ်ပြန်ချက်နဲ့အညီပေါ့ ကာလကန့်သတ်တစ်ခုအနေနဲ့ ထိန်းချုပ်ထားသင့်တယ်လို့ မြင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကျိုက်ထီးရိုးမှာ နိုင်ငံခြားသားစီးဆင်းမှုနေ့စဉ်ကောက်အချက်အလက်များရှိနေပြီး ယင်ဒေတာအချက်အလက်အရ တစ်ရက်လျှင် နိုင်ငံခရီးဧည့်သည် ၂၀၀ ဦးနီးပါးခန့် လာရောက်လည်ပတ်နေပြီး အချို့ရက်တွင် ၃၀၀ ဦးနှင့် ၃၅၀ ဦးခန့် လာရောက်လည်ပတ်နေကြောင်း ကင်မွန်ချောင်းတောင်ခြေစခန်းတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ထိန်းချုပ်မှုအတွက် ကော်မတီများဖွဲ့စည်းထားပြီးအပြင် ကင်မွန်ချောင်းတိုက်နယ်ဆေးရုံတွင်လည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားထားသည်။

“ဘုရားဖူးတွေလာတာ ပိတ်ဖို့ အစီအစဉ်မရှိဘူး ဒါပေမယ့် ကျွန်တော်တို့က ကာကွယ်တာတွေရယ် စောင့်ရှောက်တာတွေရယ် စောင့်ကြပ်ကြည့်ရှူတာတွေရယ် အဲဒါတွေကို ကျွန်တော်တို့က အသေးစိတ်တိတိကျကျလုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ထိန်းချုပ်ထားမှု အခြေအနေနှင့် ပတ်သက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် သတင်းမီဒီယာများကို ရှင်းလင်းပြောကြားထားခြင်း ဖြစ်သည်။

COVID-19 လူအများအပြားနေရာတွင် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနား ပွဲလမ်းသဘင်များ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင် ၂၀၂၀ ခုနှစ် ဧပြီလကုန်အထိ မကျင်းပကြရန် မတ်လ ၁၃ ရက်က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

ရွှေရိုး

Leave a Reply