မော်လမြိုင်၊ မတ် ၁၈

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ဘုရားပွဲတော်ကို မတ် ၂၁ ရက်ကစပြီး ပိတ်သိမ်းမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်အစိုးရအဖွဲ့က အရေးပေါ်အစည်းအဝေးကျင်းပကာ ကျိုက်ထီးရိုးဘုရားပွဲတော်ကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို COVID-19 ထိန်းချုပ်ကုသကာကွယ်ရေးဗဟို အမျိုးသားအဆင့်ကို ယမန်နေ့က တင်ပြဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပွဲတော်ကို ရပ်ဆိုင်းလိုက်တာဖြစ်တဲ့အတွက် အပေါ်မှာ ရှိနေတဲ့ ဈေးဆိုင်တွေအားလုံးလည်း ရပ်ဆိုင်းသွာမယ်။ ဘုရားဖူးချင်ရင်တော့ ခြေလျင်နဲ့သွားလို့ရတယ်။ ဒါပေမယ့် တောင်တက်ကားတွေကို စီစဉ်ထားမှာ မဟုတ်တော့ပါဘူး”ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ နှစ်စဉ်နှစ်တိုင်း ၇ လကျင်းပနေပြီး လက်ရှိအချိန်တွင် COVID-19 ကာကွယ်နိုင်စေရေးအတွက် မတ်လ ၂၁ ရက်ကစ၍ အားလုံးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘုရားပေါ်မှာ လူတွေက အသီးသီးရှိပါတယ်။ ဆင်းရဲချမ်းသာမရွေးပေါ့နော်၊ စီးပွားလုပ်ကိုင်စားသောက်နေကြတာ အသီးသီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သည် ကမ္ဘာ့ကပ်ရောဂါ ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး တစ်မျိုးသားလုံးရဲ့ ကျန်းမာရေးကို စဉ်းစားရမှာ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ နောက်ပိုင်းကိစ္စရပ်တွေကို အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးမယ်။လောလောဆယ်တော့ ပွဲတော်ကာလကို ရပ်ဆိုင်းတယ်”ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

မတ်လ ၁၆ ရက်က မွန်ပြည်နယ်လွှတ်တော်တွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်နယ်အစိုးရက ခွင့်ပြုထားသည့် ကျိုက်ထီးရိုးဘုရားကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်အတိုင်းအတာတစ်ခုအထိ ပိတ်ထားသင့်သည်ကို တပြေညီဆုံးဖြတ်ခဲ့ကြပြီး ယင်းညှိနှိုင်းအစည်အဝေးဆုံးဖြတ်ချက်ကို ပြည်နယ်အစိုးရအဖွဲ့သို့ မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ပေးပို့ခဲ့သည်။

COVID-19 လူအများအပြားနေရာတွင် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနား ပွဲလမ်းသဘင်များ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင် ၂၀၂၀ ခုနှစ် ဧပြီလကုန်အထိ မကျင်းပကြရန် မတ်လ ၁၃ ရက်က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

Shwe_Yoe
#Hinthar_Media

Leave a Reply