အလှူငွေများ အတင်းအကြပ်တောင်းခံနေသည်ဟု တိုင်ကြားခံနေရသော ကျိုက်ထီးရိုးတောင်ပေါ်ရှိ အလှူခံ ကန်ထရိုက်လုပ်ငန်းများကို ဖျက်သိမ်းရန် သင့်၊မသင့် ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီး ချုပ် ဦးမင်းမင်းဦးက ပြောကြားသည်။

kyait htoo

ဇူလိုင်လ ၈ရက်နေ့က ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်ရှိ ဆီမီးကိုးထောင် ဓမ္မာရုံတွင် ပြုလုပ်သည့် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ကျိုက်ထီးရိုးဂေါပကအဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျိုက်ထီးရိုးဈေးသူဈေးသားများတွေ့ဆုံဆွေးနွေပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ဆီကို အလှူခံ ကန်ထရိုက်ပိုင်ရှင်တွေကနေပြီး ခံဝန်နဲ့ဆက်လက်လုပ်ဖို့ တောင်းဆိုထားတယ်၊ ကျွန်တော် ဒီကိစ္စကို စဉ်းစားနေပါတယ်”ဟု ဦးမင်းမင်းဦးက ဆိုသည်။

ထိုသို့ခံဝန်ကတိဖြင့် ဆက်လက်လုပ်ကိုင်ခွင့်ရရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့နှင့် ဂေါပကအဖွဲ့တို့ချမှတ်
ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက ပထမအကြိမ် ဒဏ်ငွေရိုက်၍ သတိပေးမည်ဖြစ်ပြီး
ဒုတိယအကြိမ် ဖောက်ဖျက်ပါက ဖျက်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်းဝန်ကြီးချုပ်
က ဆိုသည်။

ထို့အတူ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဖျက်သိမ်းသင့်သည့် အလှူခံဌာနများကိုလည်း ဂေါပက အဖွဲ့နှင့် ဆွေးနွေးကာ ဖျက်သိမ်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် တောင်ပေါ်ရှိအမှိုက်ကိစ္စများကို ဖြေရှင်းနိုင်ရေးအတွက် ဂေါပကအဖွဲ့ရံပုံငွေများထဲမှ သုံးစွဲမည်ဖြစ်ပြီး
တောင်ပေါ်ရှိ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း စနစ်တကျ ရှိစေရန်စိစစ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိ အလှူခံများ တစ်နေရာချင်းစီအလိုက် ကန်ထရိုက်ဆွဲကာ ဘုရားဖူးပြည်သူများဆီမှ အလှူငွေ အတင်းအကျပ်ကောက်ခံမှုများ ရှိနေခြင်း၊အဓမ္မ လှူဒါန်းခိုင်းမှုများ ရှိနေသည့်အတွက် သာသနာရေးဝန်ကြီးဌာနသို့တိုင်ကြားစားများ ပေးပို့ထားကြောင်း အဆိုပါဝန်ကြီးဌာနထံမှသိရသည်။

ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်သန်းနှင့်ချီ နှစ်စဉ်လာရောက်ဖူးမျှော်လေ့ရှိရာ ပြည်ပ ခရီးသွားဧည့်သည်များတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးလာရောက်ကြပြီး လက်ရှိတွင် အလှူငွေအားဖြင့် ကျပ်ငွေ ၁ဒဿ ၅ဘီလီယံ(ကျပ်သန်းတစ်ထာင်လျှင့် တစ်ဘီလီယံ)ရရှိထားကြောင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့ထံမှ သိရသည်။

Leave a Reply