Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

ကျိုက်ထီးရိုး ကောင်းကင် ကေဘယ်ကားကို ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ရာ ယင်းနေ့တွင် အခမဲ့ စီးနင်းနိုင်မည်ဖြစ်ကြောင်း Sky Asia ကုမ္ပဏီမှ Safety& Security Officer ကိုနောင်ရဲအောင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ကျွန်တော်တို့ ဒီဇင်ဘာ ၁၅ ရက်မှာ ဖွင့်ပွဲလုပ်မယ်၊ ဖွင့်ပွဲမှာတော့ အလကား ပြေးဆွဲပေးသွားမယ်”ဟု ၎င်းက ဆိုသည်။

ကေဘယ်ကားကို ဒီဇင်ဘာ ၇ ၊ ၈ ရက်တွင် အခမဲ့ ပြေးဆွဲရန် စီစဉ်နေသော်လည်း ကုမ္ပဏီဘုတ်အဖွဲ့ ဆုံးဖြတ်ချက် မချရသေးကြောင်း ကိုနောင်ရဲအောင်က ပြောဆိုသည်။

ကေဘယ်ကားစီးနင်းခအဖြစ် နိုင်ငံခြားသား တစ်ဦးလျှင် ၁၀ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာနိုင်ငံသား တစ်ဦးလျှင် ကျပ် ၃၀၀၀ သတ်မှတ်ထားကြောင်း၊ စီးနင်း လိုက်ပါသူများ၏ အသက်အာမခံကို IKBZ နှင့် ချိတ်ဆက်ဆောင်ရွက်ထားကာ လုပ်ငန်းခွင်အတွက် လုံခြုံရေး ဝန်ထမ်း အပါအဝင် ဝန်ထမ်းပေါင်း ၁၂၀ ကို ခန့်အပ်ထားသည်။

ယင်း ကေဘယ်ကားသည် ရသေ့တောင်စခန်းမှ ကျိုက်ထီးရိုးစေတီရင်ပြင်တော် အနီးအထိ ချိတ်ဆက် တည်ဆောက်ထားသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ယခုအခါ စမ်းသပ်လည် ပတ်မှု အောင်မြင်ထားပြီးဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောဆိုသည်။

စီမံကိန်း အရှည်မှာ ၉၅၅ ဒသမ ၃၈ မီတာရှည်ပြီး၊ တာဝါ ၁၁ တိုင်ဖြင့် တည်ဆောက်ထားကာ အတွဲပေါင်း ၄၃ တွဲဖြင့် ပြေးဆွဲမည်ဖြစ်ပြီး တစ်တွဲကို အရန်အဖြစ် ထားရှိသွားမည်ဖြစ်သည်။

ထိုအတွဲ တစ်တွဲလျှင် လူ ရှစ် ဦးအထိ စီးနင်းနိုင်မည်ဖြစ်ပြီး၊ အများဆုံး ကြာချိန်မှာ ရှစ် မိနစ်မှ ၁၅ မိနစ်အတွင်း ရှိမည်ဖြစ်ရာ တစ်နေ့လျှင် လူဦးရေ ၂၀၀၀၀ အထိ ပို့ဆောင်ပေးမည်ဖြစ်သည်။

စီမံကိန်းကို ကိုရီးယားနိုင်ငံ Sky Asia ကုမ္ပဏီက ကျိုက်ထီးရိုး ဘေးမဲ့တော မြေဧက ၁၃ ဒသမ၅ ဧကတွင် အမေရိကန် ဒေါ်လာ သန်း ၂၀ ကျော် ရင်းနှီးမြှုပ်နှံထားကာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ နှစ် ၅၀ BOT စနစ်ဖြင့် ၂၀၁၅ ခုနှစ်မှ စ၍ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုထားသည်။

Written by ဇော်ထိုက်

Advertisements
<

Leave a Reply