ကျိုက်ထီးရိုး ဂေါပကအဖွဲ့ကို တောင်ဖွင့်ချိန် မတိုင်မီ အပြီးသတ် ဖွဲ့စည်းမည်

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ယာယီ ဂေါပကအဖွဲ့ကို ဖျက်သိမ်း၍ ဂေါပကအဖွဲ့သစ်ကို တောင်ဖွင့်ချိန် မတိုင်မီ အပြီးသတ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောကြားသည်။

ထိုသို့ ရွေးချယ် အဖွဲ့စည်းရာတွင် အတည်ပြုထားသည့် ဂေါပကအဖွဲ့ စည်းမျဉ်းသစ်အရ အဖွဲ့ဝင်များကို ပွင့်လင်း မြင်သာစွာ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောဆိုသည်။
“ဂေါပကအသစ်ဖွဲ့စည်းဖို့အတွက် သက်ဆိုင်ရာ သာသနာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လည်း ရရှိထားပြီးဖြစ်ပါတယ် အဲ့ဒီအတွက် ဂေါပကအသစ်အဖွဲ့ကို သီတင်းကျွတ် တောင်ဖွင့်ပွဲမတိုင်မီ အပြီးသတ် ရွေးချယ်ဖို့ရှိပါတယ်”ဟု ဒေါက်တာ ထိန်းလင်းက ဆိုသည်။

ဂေါပကအဖွဲ့သစ်အား ဖွဲ့စည်းရာတွင် ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ရိုက် ရွေးချယ်မည့် ကိုယ်စားလှယ် ငါး ဦးနှင့် ဒေသခံ ပြည်သူများက မဲပေး ရွေးချယ်မည့် ကိုယ်စားလှယ် ၁၀ ဦး၊ စုစုပေါင်း ၁၅ ဦးဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအဖွဲ့ရွေးချယ်မှု အခြေအနေကို မေးမြန်းစဉ် ဝန်ကြီးက ယင်းကဲ့သို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင်  ဂေါပကအဖွဲ့၏ ဘဏ္ဍာတော်ငွေ ရသုံးငွေစာရင်း ရှင်းတမ်းများကိုလည်း မွန်ပြည်နယ်လွှတ်တော်သို့ တစ်နှစ် နှစ်ကြိမ် ပြန်လည် တင်ပြပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာထိန်လင်းက ပြောဆိုသည်။

ဂေါပကအဖွဲ့သည် ဘဏ္ဍာ ငွေကြေးသုံးစွဲရာမှာ ဂေါပကအဖွဲ့ စည်းမျဉ်း အပိုဒ်(၆၅)အရ ကျပ် ၁၀ သိန်းအထိကို ဂေါပကအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ ကျပ် ၁၀သိန်းကျော်ပါက မွန်ပြည်နယ်အစိုးရအဖွဲ့သို့ လည်းကောင်း၊ ကျပ်သိန်း ၅၀ ကျော်ပါက နာယကအဖွဲ့သို့ လည်းကောင်း အတည်ပြုချက်ရယူ၍ သုံးစွဲရမည်ဖြစ်သည်။

ယခု မေလကုန်အထိ ဂေါပကအဖွဲ့၌ ဘုရား ရန်ပုံငွေ ငွေကျပ်သိန်း ၉၁၇၁၀ ကျော် ရရှိထားပြီး အဆိုပါ ငွေကို ဘဏ်တွင် အပ်နှံထား၍ ဘဏ်အတိုး ကျပ်သိန်း ၄၄၀၇ ကျော် ရရှိထားကြောင်း ဒေါက်တာ ထိန်လင်းက ဆိုသည်။

Written by သက်ပိုင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.