Advertisements

မော်လမြိုင်၊ သြဂုတ် 

ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင် ကျိုက်ထီးရိုး ဘုရားတွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်အဖြစ် လုပ်ဆောင်ရန် ၂၂ ဦး လာရောက် လျှောက်ထားထားကြောင်း အဆိုပါ ဂေါပကအဖွဲ့ စိစစ် ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ မွန်ပြည်နယ် ဗမာတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးရွှေမြင့်က ပြောဆိုသည်။

လာရောက် လျှောက်တင်ထားသည့် ၂၂ ဦး အနက် ၁၀ ဦးကို ရွေးချယ် ရေး စည်းမျဉ်း စည်းကမ်းအတိုင်း ရွေးချယ် စိစစ်ပြီး တစ်ပတ်အတွင်း ထုတ်ပြန်ပေးသွားမည်ဟု ၎င်းက ပြောသည်။

“အဖွဲ့ဝင်တွေကို ဂေါပက စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်လည်စီစစ်ပြီးတော့ တစ်ပတ်အတွင်း ထုတ်ပြန်ပေးသွားဖို့ရှိတယ်”ဟု ဦးရွှေမြင့်က ဆိုသည်။

ဂေါပကအဖွဲ့ဝင် လျှောက်လွှာကို ဇူလိုင် တစ်လ လုံး ကျိုက်ထိုမြို့ရှိ ဂေါပကအဖွဲ့ရုံးတွင် လက်ခံခဲ့ခြင်း ဖြစ်သည်။

ဂေါပကအဖွဲ့၏ စည်းမျဉ်း စည်းကမ်းအသစ်အရ လာရောက် တင်ပြသူ ၁၀ ဦးကို စိစစ် ရွေးချယ်၍ ကျန် သက်ဆိုင်ရာ ပညာရှင် ငါး ဦးကို အစိုးအဖွဲ့မှ ထည့်သွင်း ခန့်အပ်ရမည်ဖြစ်သည်။

ဂေါပကအဖွဲ့သစ်တွင် သမာသမတ်ရှိပြီး အပြည့်အဝ တာဝန်ယူ လုပ်ဆောင်ပေးနိုင်သော အဖွဲ့ဝင်များကိုသာ ခန့်အပ်ပေးစေလိုကြောင်း ကျိုက်ထိုမြို့နေ ဒေသခံ တစ်ဦးက ပြောဆိုသည်။

 “ဘုရားငွေ၊ ဘုရားမြေဆိုတော့ သမာသမတ်ရှိပြီး သန့်ရှင်းတဲ့သူတွေကိုပဲ ဖြစ်စေချင်တာပေါ့ အကိုတို့ ကျိုက်ထိုမြို့ခံအများစုရဲ့ ဆန္ဒလည်း ဒီအတိုင်းပဲ”ဟု၎င်းက ပြောဆိုသည်။

စိစစ် ရွေးချယ်ရေးအဖွဲ့မှ ထုတ်ပြန် ကြေညာ ပေးမည့် ဂေါပကအဖွဲ့ဝင် အမည်စာရင်များကို သက်ဆိုင်ရယ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်၍ ကြေညာပေးမည်ဖြစ်သည်။

အဆိုပါ ဂေါပကအဖွဲ့ဝင်များကို ကန့်ကွက်လိုသူများအနေဖြင့် ၇ ရက်အတွင်း ခိုင်လုံသည့် အကြောင်းပြချက်များဖြင့် လာရောက်ကန့်ကွက်နိုင်ပြီး ကန့်ကွက်မှုရှိသူများကို ပြန်လည်စီစစ်သွားမည်ဖြစ်သည်။

Written by သက်ပိုင်

Leave a Reply