မော်လမြိုင် အောက်တိုဘာ

ရွေးကောက် တင်မြှောက်ခံ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့သစ်ကို အောက်တိုဘာလ ၂၉ရက်၌ ငွေစာရင်းဇယားများနှင့် တာဝန်များကို လွှဲအပ်ပေးမည်ဖြစ်ကြောင်း ယင်းဘုရား ဂေါပကအဖွဲ့ဝင် ဟောင်း ဦးစိုးနောင်ဦးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ဂေါပကအဖွဲ့၏ တာဝန်များကို ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်နေတွင် လွှဲပြောင်းပေးအပ်ခဲ့ သော်လည်း အောက်တိုဘာ ၂၉ ရက်တွင်မူ ငွေစာရင်းနှင့် တာဝန်များကို တရားဝင် လွှဲပြောင်း ပေးအပ်မည်ဟု ၎င်းက ဆိုသည်။

“တောင်ပေါ်မှာက ဘာမှသိပ်မရှိတော့ ဒီလပြည့်နေ့ထဲက လွဲပေးပြီးပြီ၊ တောင်အောက်မှာရှိတဲ့ စာရင်းဇယားတွေကို တရားဝင်လွဲပြောင်းတာတော့ ၂၉ရက်မှပေါ့”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ လွှဲပြောင်းရယူရာတွင် မနက်ပိုင်း၌ စာရင်းဇယားများကို လွှဲယူမည်ဖြစ်ကာ ညနေပိုင်း၌ သြဝါဒ စရိယ ဆရာတော်များထံမှ သြဝါဒခံယူသွားမည်ဖြစ်ကြောင်း ရွေးကောက်ခံ ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းလှိုင်က ပြောဆိုသည်။

ကျိုက်ထီးရိုး စေတီ၏ ဂေါပကအဖွဲ့သစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က ကျိုက်ထိုမြို့ရှိ မြို့နယ် သာသနာ့ဗိမာန်တွင် မဲပေး ရွေးချယ်ခဲ့ကြသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ဂေါပကအဖွဲ့ဝင်လောင်း ကိုယ်စားလှယ် ၁၄ ဦးက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ၊ မဲပေးနိုင်သူ ၃၃၄၇ ဦးတွင် ၂၆၃၅ ဦးက မဲလာပေးသဖြင့် ဆန္ဒမဲပေးမှု ရာခိုင်နှုန်း ၇၈ ဒသမ ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ကိုယ်စားလှယ်လောင်း ၁၄ ဦးအနက် ၁၀ ဦးကို မဲပေး ရွေးချယ်ရာတွင် ဦးထွန်းမြင့် ၄၄၁ မဲ၊ ဦးကျင်ထွန်း ၃၈၉ မဲ၊ ဦးသိန်းဇော် ၃၄၉ ၊ ဦးတင်စိုး ၃၃၅ ၊ ဦးသန်းဝင်း ၃၂၉ ၊ ဦးထွန်းငြိမ်း ၂၂၆ မဲ၊ ဦးယုဆွေ ၁၆၇၊ ဦးတင်လှ ၁၃၂ ၊ ဦးဉာဏ်တင် ၁၁၆ ၊ ဦးတင်ညွှန့် ၇၉ တို့မှ ရွေးချယ်ခံခဲ့ရသည်။

ယင်းဂေါပကအဖွဲ့၏ စည်းမျဉ်းအရ ရွေးချယ်ခံရသည့် ကိုယ်စားလှယ် ၁၀ ဦးနှင့် အစိုးရအဖွဲ့မှ အမည်စာရင်း ပေးပို့လာမည့် ပညာရှင် ငါး ဦး၊ စုစုပေါင်း ၁၅ ဦးအဖွဲ့သည် ယခုနှစ် ဘုရားဖူး ရာသီမှ စ၍ ဂေါပကအဖွဲ့၏ လုပ်ငန်း တာဝန်ကို စတင် ထမ်းဆောင်ရမည် ဖြစ်သည်။

ကျိုက်ထီးရိုး ဂေါပကအဖွဲ့သည် ဘုရား၏ အလှူငွေများ ထိန်းသိမ်းရန်၊ သန့်ရှင်း သာယာမှု ရှိရေး ၊ ဈေးဆိုင်ခန်းများ စနစ်တကျ ရှိရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ကာကွယ်နိုင်ရန်အတွက် သြဝါဒ ဆရာတော် အပါအဝင် နာယက အဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းဂေါပကအဖွဲ့ကို ယခု အစိုးရလက်ထက်တွင် ယာယီ ဂေါပကအဖွဲ့အနေဖြင့် နှစ်နှစ်တာ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါ ဂေါပကအဖွဲ့ စည်းမျဉ်းအသစ်ဖြင့် ပြန်လည် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။

ထိုက်ထိုက်

Leave a Reply