Advertisements

 

မော်လမြိုင် အောက်တိုဘာ

ကျိုက်ထီးရိုး ဈေးဆိုင်ခ တိုးမြှင့် ကောက်ခံရခြင်းမှာ ဘုရားနယ်မြေအတွင်း အမှိုက်ပြဿနာကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အောက်တိုဘာ ၁၀ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

“နှစ်တိုင်း အမှိုက်ပြဿာနာတွေကို ဖြေရှင်းမယ့်သူမရှိဘူး၊ ဒီနှစ်တော့ အမှိုက်ကိစ္စဖြေရှင်းပေးနိုင်ဖို့ လိုအပ်တွေ စက်တွေ၊ ပစ္စည်းတွေ ဝယ်ဖို့လာထားတဲ့ငွေကို ဘုရားဂေါပကငွေကနေ မသုံးချင်ဘူး။ အဲဒါကြောင့် ဆိုင်ခန်းခတွေကို ၂ဝရာခိုင်နှုန်းတိုးပြီးကောက်ခံရတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဈေးဆိုင်ခန်းခများကို ယမန်နှစ်က ၁ဝရာခိုင်နှုန်းသာ ကောက်ခံခဲ့သော်လည်း ယခုနှစ်တွင် ကျိုက်ထီးရိုး တောင်နှင့် စေတီပေါ်တွင် ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် ဆိုင်ခန်းခကို ၂ဝ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

လက်ရှိတွင် ကျိုက်ထီးရိုးတောင် အမှိုက်ပြဿနာကို ဖြေရှင်းရန် သင့်တော်သော TMA ကုမ္ပဏီကိုရွေးချယ်ထား ပြီး လိုအပ်သော အမှိုက်ခွဲစက်၊ အမှိုက်မီးရှို့စက်အပြင် သန့်ရှင်းရေး၊ သောက်သုံးရေ၊ လျှပ်စစ်မီးနှင့် မိလ္လာစနစ်များကို ပြုပြင်ဆောင်ရွက်ရန်အတွက် ငွေကျပ် သိန်း ၈ဝဝ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

ဈေးဆိုင်ခန်းရှင်များအနေဖြင့် ဆိုင်ခန်းခတိုးမြှင့်လိုက်သောကြောင့် ဈေးရောင်းချရာတွင် အဆမတန်ဈေးနှုန်းများဖြင့် ရောင်းချနေမှုများရှိလာပါက စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလိုအခွန်တိုးမြှင့်ကောက်ခံမှုများနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ကျိုက်ထီးရိုးတောင်ပေါ်တွင် ယခင်နှစ်ထက် ဈေးနှုန်းမြင့်တတ်လာနိုင်ဖွယ်ရှိကြောင်း တောင်ပေါ်ရှိ ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

“အခုက ကုန်ဈေးနှုန်းတွေလည်း တတ်နေတယ် အခွန်လည်း ၂၀ ရာခိုင်နှုန်းတိုးရင်တော့ အရင်ထက် ဈေးတတ်လာနိုင်တယ် အရင်က ထမင်းနဲ့ဟင်း တစ်ပွဲကို ၂၅၀၀ ဆို ဒီနှစ်မှာ ၃၅၀၀ လောက် ဖြစ်လာနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

ကျိုက်ထီးရိုးနယ်မြေတွင် ရင်ပြင်တော်စခန်း၊ ကင်မွန်းစခန်း၊ ရသေ့တောင်စခန်း နှင့် ရေမြောင်ကြီးစခန်းတို့တွင် ရောင်းချနေသော ဆိုင်ခန်းပေါင်း ၂ဝဝ ခန့်ရှိပြီး လုပ်ငန်းအမျိုးအစား ၅ဝ ကျော်ရှိကြောင်း ဂေါပကအဖွဲ့ဝင်ခေါင်းဆောင် ဦးကျော်ဝင်းလှိုင်က ပြောကြားသည်။

“အရင်နှစ်ကတော့ ဆိုင်ခန်းအသေးဆိုရင် သိန်း ၃ဝပေးသွင်းရမယ်၊ လုပ်ငန်းကြီးရင်တော့ သိန်း ၂ဝဝ ပေးရတယ်၊ ဆိုင်ခန်းခတိုးလာပေမယ့် စေတီတော်အတွက် အကျိုးရှိလာမယ်ဆိုတော့ ကောင်းပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သောဘဏ္ဍာနှစ်က ကျိုက်ထီးရိုး စေတီ ဆိုင်ခန်းခ အပြင် လုပ်ငန်း အရပ်ရပ်မှ ဝင်ငွေပေါင်း ကျပ် ၉ ဘီလီယံကျော် ရရှိထားကြောင်း ၎င်းက ပြောဆိုသည်။

ထိုက်ထိုက်

 

Advertisements
<

Leave a Reply