မော်လမြိုင်၊ အောက်တိုဘာ ၉

ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်၌ စျေးရောင်းချမည့် ဆိုင်ခန်းခများအတွက် ယခုနှစ်ဘုရားဖူးရာသီမှစ၍ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းဘုရား ယာယီဂေါပကအဖွဲ့ဝင် ဦးစိုးနောင်ဦးက ပြောဆိုသည်။

အခွန်တိုးမြှင့်ကောက်ခံခြင်းမှာ ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး လာမည့်ဂေါပကအဖွဲ့သစ် တာဝန်ထမ်းဆောင်ချိန်တွင် စတင်ကောက်ခံရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီနှစ်မှာတော့ အရင်နှစ်ထက် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံဖို့ညွှန်ကြားထားတယ် ဒါကလည်း စျေးသူစျေးသားတွေက အရင်လူဟောင်းပေးစနစ်နဲ့ပဲလုပ်ပါ အခွန်တိုးမြှင့်ကောက်ခံတာ သူတို့ပေးပါ့မယ်ဆိုပြီး ဝန်ကြီးချုပ်ဆီ တင်ပြထားတာတွေရှိတဲ့အတွက် တိုးမြှင့်ကောက်ခံတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယခုလို အခွန်တိုးမြှင့်ကောက်ခံမှုများနှင့် ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် ကျိုက်ထီးရိုးတောင်ပေါ်တွင် ယခင်နှစ်ထက် စျေးနှုန်းမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း တောင်ပေါ်ရှိ စျေးဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

“အခုက ကုန်စျေးနှုန်းတွေလည်း တတ်နေတယ် အခွန်လည်း ၂၀ ရာခိုင်နှုန်းတိုးရင်တော့ အရင်ထက် စျေးတက်လာနိုင်တယ် အရင်က ထမင်းနဲ့ဟင်း တစ်ပွဲကို ၂၅၀၀ ဆို ဒီနှစ်မှာ ၃၅၀၀ လောက်ဖြစ်လာနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

အခွန် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် ညွှန်ကြားထားသော်လည်း စျေးဆိုင်ခန်းများ ပြန်လည်ချထားခြင်း ဆိုင်းခန်းခများပေးသွင်းခြင်းကို လက်ရှိအချိန်ထိ မဆောင်ရွက်ရသေးကြောင်း ယာယီဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်ဝင်းလှိုင်က ပြောသည်။

“အရင်ကဆို ဒီအချိန်လောက်က ဆိုင်ခန်းခပေးသွင်းတာတွေ လုပ်နေပြီး ဒီနှစ်ကဂေါပကအဖွဲ့ ပြန်ရွေးတဲ့အခါကျတော့ အချိန်နည်းနည်းကြန့်ကြာသွားတာပေါ့ ဆိုင်းခန်းခပေးသွင်းတာတွေကနောက်တက်မယ့် ဂေါပကအဖွဲ့က ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိ ဈေးဆိုင်ခန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယခင်လူဟောင်းပေးစနစ်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်စေနိုင်သည့်ဈေးဆိုင်ခန်းအချို့ကို မူလုပ်ကိုင်ခွင့်မပြုဘဲ ပိတ်သိမ်းခဲ့သည်။

Written by သက်ပိုင်

Leave a Reply