နာမည်ကျော် ကျိုက်ထီးရိုးဘုရားသည်ကား စီးပွားရေးလုပ်ငန်းရှင်အချို့၏ စီးပွားရှာရေးအကွက်အကွင်းထဲ လွန်ခဲ့သည့်နှစ်များအတွင်း မသိမသာကျရောက် ခဲ့ ရသည်။
အချို့သော ကျိုက်ထီးရိုးဘုရားအမီပြု စီးပွားရေးလုပ်ငန်းများကြောင့် ဘုရားဖူးလာသူများ၏ ဝေဖန်မှုဆက်တိုက်ခံ ခဲ့ရသည်။

kty

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် ကမ္ဘာလည့်ခရီးသည်များ မျက်စိကျကာ အများဆုံး လာရောက်ဖူးမျှော်ကြသည့် ကျိုက်ထီးရိုးစေတီ ရင်ပြင်ပေါ်ကအရှုပ်တော်ပုံ များကို အမြစ်ဖြတ် ရှင်းထုတ်ရန် အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ တစ်စ တစ်စ မြင့်တတ်လာလေပြီ။

ထို့ကြောင့် ကျိုက်ထီးရိုးဘုရားသည်ကား စီးပွားရေးလုပ်ငန်းရှင်အချို့ လက်မှ လွတ်မြောက် ချိန် ရောက်ပြီလော။
ဖြေရှင်းမှုမှာ လွန်ခဲ့သော ၃လခန့်က စတင် အဖြေရှာခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးအတွက် ဆုံးဖြတ်ချများ မှာ ယခုရက်ပိုင်း အတွင်း ပိုမိုသွက်လက်ခဲ့ စွာအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

မကြာသေးမီကာလတွင် ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဋ္ဌာန က မွန်ပြည်နယ် ကျိုက်ထီးရိုး စေတီကို အမှီပြုပြီး အချိန်ကြာမြင့်မှာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရိုးရိုးလေး ကုမ္ပဏီကို တရားစွဲဆို မည်ဟု လွှတ်တော် တွင်ပြောကြားခဲ့လေသည်။

အကြောင်းမှာကျိုက်ထီးရိုးစေတီတော်တွင် အထပ်မြင့်အဆောင်အဦးများဖြင့် တည်းခိုခန်းဌားရမ်းခြင်း၊ ရွှေပြားသင်္ကန်းများ သတ်မှတ်ချက်တိုဖြင့် ကိုက်ညီမှုမရှိဘဲ ဈေးနှုန်းမြင့်များဖြင့် ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများ အပေါ်ရောင်းချနေခြင်းတို့ကြောင့် ရိုးရိုးလေးကုမ္ပဏီအား နိုင်ငံတော်အဆင့် တရားစွဲဆိုရန်စီစဉ် နေခြင်းဖြစ်သည်။

“ဘာသာရေးဆိုင်ရာ ဥပဒေတွေအရ နိုင်ငံတော်အဆင့် တရားစွဲပြီး မှ ဥပဒေအတိုင်းအရေးယူတာ၊ ပြည်ထောင် စုရှေ့နေချုပ်ရုံးကို သဘောထား မှတ်ချက်တောင်းခံ တဲ့အခါမှာ မရသေးလို့ ဆိုင်းငံ့ထားပါတယ်၊ ရတဲ့အခါ ကျရင် ဥပဒေအတိုင်းအရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်။
ရိုးရိုးလေး ကုမ္ပဏီသည် ပေ ၃၀ ကျော်လွန်သောအဆောက်အဦး များ ဆောက်လုပ်ထားခြင်း၊ အခန်းများ ပိုမိုထည့်သွင်း ထားခြင်း၊အရည် အသွေးနိမ့်ကျသည့် ရွှေဆိုင်းများကို သတ်မှတ်နှုန်းထား ထက် ဈေးနှုန်း ပိုရောင်းချခြင်းများရှိနေကြောင်း ဝန်ကြီးက ထောက်ပြသည်။

“ရိုးရိုးလေးဟိုတယ်ကိစ္စဆိုတာက အကုန်လုံးပျံနှံ့ပြီးတော့ သိနေတဲ့ကိစ္စ ပြောရရင်တော့ ဒါကို ပြည်နယ် အဖွဲ့အစည်းတွေအနေနဲ့ကိုင်တွယ်လို့ မနိုင်လာတဲ့အနေအထားမှာ ပြည်ထောင်စုအဆင့် သာသနာရေးဝန်ကြီးနဲ့ ဟိုတယ်ခရီးသွားဝန်ကြီးဌာနတွေက ဝင်ပြီးတော့ ထိန်းပေးရတဲ့အနေအထားမျိုးကို ကျွန်တော်မြင်လာတယ်။”ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

အစိုးရသစ်လက်ထက်တွင် ကျိုက်ထီးရိုး တောင်ပေါ်တွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို ပီပြင်စွာ ထိန်းသိမ်းနိုင်မည်ကို ထင်မြင်မိကြောင်း ဆိုသည်။
ဇူလိုင်လ အတွင်း ရိုးရိုးဟိုတယ်က ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အခန်းပို ၁၀၆ခန်းကို တစ်လအတွင်း အပြီးသတ် ပိတ်သိမ်းရန် ပြည်ထောင်စု ဝန်ကြီးက အကြောင်းကြားစာ ပေးပို့ခဲ့သည်။

သို့သော်လည်း ရိုးရိုးလေးကုမ္ပဏီပိုင်ရှင်က ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာ တင်ပြခဲ့သည်။ ရိုးရိုးလေး ကုမ္ပဏီက အခန်းပိုများကို ဖျက်သိမ်းခြင်းမရှိသည့်အတွက် ရိုးရိုးလေး ဟိုတယ် လိုင်စင်ကို ပိတ်သိမ်း သြဂုတ်လ ၁၁ရက်နေ့က ပယ်ဖျက်ခဲ့သည်။

“သတ်မှတ်ထားတဲ့ အမြင့်ပေ ၃၀ ထက်ပိုဆောက်ထားပါတယ်၊ ပေ ၃၀ ထက်ပိုဆောက်လို့မရဘူး၊ ကျိုက်ထီးရိုး တောင်တော်ကြီးကလည်းပဲ ဘူမိဖွဲ့စည်းပုံအရ မြေသားက သက်ရင့်နဲ့ သက်နု ရောနေပါတယ်၊ သုံးထပ်ထက်ပို ဆောက်မယ်ဆိုရင် ခရီးသည်တွေ အပြည့်တည်းရင် မိုင် ၃၀၊ ၄၀ လောက် လေပြင်း တိုက်ခတ်မယ်ဆိုရင် အန္တရာယ်ရှိပါတယ်၊ ငလျင်လုပ်ခဲ့မယ်ဆိုရင်ဆိုဖွယ်ရာမရှိ ဖြစ်ပါတယ်၊”ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်။
သို့သော်လည်း ရိုးရိုး ကုမ္ပဏီက ဟိုတယ် အဆောက်အဦးကို လေးထပ်၊ ငါးထပ် ဆောက်ပြီး အမြင့်ပေ လေးဆယ်ကျော်၊ ငါးဆယ်ကျော်အထိ ဆောက်ထားကြောင်း ဆိုသည်။

ထို့အပြင် တရားမဝင်ကြားရတာဆိုတော့ ပိုဆောက်ထားတဲ့ အခန်းပိုတွေရော အမြင့်ပိုတွေရော အလွယ်တကူ ဖြုတ်တတ်လို့ရတဲ့ နည်းနဲ ဆောက်ထားကြောင်း ဆိုသည်။
ဟိုတယ်ဆောက်လုပ်ထားသည်မှာ ဥပဒေနှင့်မညီခြင်း တည်းခိုသူများအနေဖြင့် လုံခြုံမှုမရှိခြင်းတို့ကြောင့် ဟိုတယ်အလိုင်စင် ကို ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဋ္ဌာနက ဆိုသည်။သတ်မှတ် အမြင့်ပေ ၃၀ ထပ် ဆောက်လုပ်ထားသည့် ဟိုတယ် အဆောက်အဦးများကိုလည်း ခေတ် မှီ နည်း ပညာ ဖြင့် ဖြိုဖျက် တော့ မည်ဖြစ်သည်။

ကျိုက်ထီးရိုးစေတီ ဘုရားဖူးကာလတွင် ဝန်ဆောင်မှုများမရှိပဲ ဟိုတယ်နှုန်းထားများ မြင့်တက်ခြင်း၊ အစားအသောက်များ တန်ရာတန်ကြေး ထက် မြင့်တက်ခြင်း၊ အလှူခံ ကထရိုက် ပေးပြီး ကောက်ခံနေခြင်း တို့သည် ခေတ်ဆက်ဆက် အမြစ်တွယ် ခဲ့သည်။

သာနာရေး ဝန်ကြီးဋ္ဌာနက အကာအကွယ် ထိန်းသိမ်းထားသည့် ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်တွင်ရဟန်းရှင်၊ ပြည်သူများ နားနေတည်းခိုနိုင်ရန် တည်းဆောက်ထားသည့် ဓမ္မာရုံများကိုလည်း တည်းခိုခန်းများအဖြစ် ဥပဒေမဲ့စွာ တည်ဆောက်ထားသည်။

ဘုရားဖူးကာလအတွင်း ခရီးသွားပြည်သူများအနေဖြင့် တည်းခို စရိတ်များက လက်လမ်း မမှီခြင်းကြောင့်ရင်ပြင်တော် ကျောက်သား များပေါ်တွင် အိမ်စက်အနားယူခဲ့ကြရသည်။

အလွန်အေးမြလှသည့် ဆောင်းရာသီကာလတွင် ကျောက်သားများပေါ်တွင် အိမ်စက်အနားယူရခြင်းကြောင့် ကျန်းမာရေးအလွန် ထိခိုက်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

“ရွှေနန်းကျင် တန်ဆောင်းကြီး၊ ဆီမီးကိုးထောင် ဇရပ်ကြီးတို့၊ ထောက်လှမ်း ရေးဓမ္မာရုံတို့၊ တိဿဆောင်၊ သီဟဆောင်တို့ဟာ ဟိုးရှေးတုန်းကတည်းက ရပ်ဝေးရပ်နီးက ဘုရားဖူးလာတဲ့ မပြည့်စုံတဲ့ ရဟန်းရှင်လူတွေ တည်းခိုဖို့ ဆောက်ပေးတာပါ၊ အဲ့ဒါတွေကို ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်က ရိုးရိုးလေး ကုမ္ပဏီနဲ့ ဂေါပဂအဖွဲ့တို့ ပူးပေါင်းပြီးတော့မှ ဘယ်သူမှ မတင်ပြပဲနဲ့ ဒါကို အခန်းတွေဖွဲ့လိုက်ပါတယ်” သူရဦးအောင်ကို ကဆိုသည်။

သာသနာရေး ဝန်ကြီးဋ္ဌာ အဆိုပါ ကိစ္စကို ဖြေရှင်းနိုင်ရန် လုပ်ငန်းရှင်များက တည်းခိုခန်းပြုလုပ်ထားသော ဓမ္မာရုံများကို ထေရဝါဒ ဆရာတော်ကြီးများ၊ ရဟန်းရှင်လူ ပြည်သူများ အခမဲ့နားနေ တည်းခိုခွင့် ရရှိရေးအတွက်ဒေသဆိုင်ရာ ဋ္ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်တော့ မည်ဖြစ်သည်။

ကျိုက်ထီးရိုးဘုရားတွင် ဖြစ်ပေါ်နေသော နောက်ထပ်ပြသာနာတစ်ခုမှာ ကန်ထရိုက်ပေးထားသော ရည်မှန်းချက် (Target)ပြည့်မှီရေး အတင်းအကျပ်အလှူခံကိစ္စပင်ဖြစ်သည်။

“လှူခံမဏ္ဍပ်ပုံစံတွေ ဘုရားကိုဗန်းပြပြီးတော့ အတင်းအဓမ္မအလှူခံခိုင်းတာတွေရှိနေတာတွေကို အခုလိုမျိုးဖျက်သိမ်းမယ်ဆိုတော့ ကျွန်တော်အမြင်တော့ အရမ်းလည်းကောင်းပါတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ကျိုက်ထီးရိုး ရင်ပြင်တော်၊ ရသေ့တောင် ၊ ကင်ပွန်းစခန်း၊ ရေမြောင်းကြီး၊ ကျီးကန်းပါးစပ်နှင့် အခြားသောအလှူခံများအား ကန်ထရိုက်ပေးခြင်းစနစ်ကို ဖျက်သိမ်းကာ ဝန်းထမ်းများ ထပ်မံခန့်အပ်မည်ဖြစ်သည်။

စေတီတော်ဝန်ထမ်းများက အလှူခံခြင်း၊ နေ့စဉ် အလှူခံရငွေများကိုရေတွက် ခြင်း နောက်တစ်နေ့တွင် ဘဏ်သို့ အပ်နှံခြင်း တို့ကို ပြုလုပ်စေကာ ဂေါပက အဖွဲ့က ကြီးကြပ်ရမည်ဖြစ်သည်။

“တစ်နိုင်ငံလုံး ဘုရားတွေမှာ ရွှေပြား သင်္ကန်းမှာ စံချိန်စံညွန်းရှိပါတယ်၊ အဲ့ဒါက နှစ်လက်မ ပတ်လည်ပါ၊ ရွှေကလည်း ၉၉ ရာခိုင်နှုန်းရွှေစင်ဖြစ်ရပါ မယ်၊ ဈေးနှုန်းလည်း သတ်မှတ်ချက်ရှိပါတယ်၊ သို့သော် ဆယ်စုနှစ် တစ်ခုကျော်ကြာ ကျိုက်ထီးရိုးမှာ ရောင်းနေတဲ့ရွှေဆိုင်းတွေဟာ နှစ်လက်မ ပတ်လည်လည်း မပြည့်ပါဘူး၊ ၁ ဒသမ ၃ လောက်ပဲရှိပါတယ်၊ တစ်လက်မခွဲတောင်မရှိပါဘူး”ဟု သူရဦးအောင်ကိုက ဟင်္သာမီဒီယာသို့ပြောကြားသည်။

စေတီတော် ပေါ် ရှိ ရွှေသင်္ကန်းများမှာ အရေအသွေး မပြည့်မှီသည့် အပြင် တန်ဖိုးမှာလည်း အင်မတန် များပြားကြောင်းသည့် အတွင် အဆိုပါ တင်ဒါခေါ်ယူ ရေးမှန်ကန်ခြင်းအတွင် သာသနာရေး ဝန်ကြီး ဋ္ဌာနကကြီးကြပ်မည်ဖြစ်ကြောင်း ဆိုသည်။

ယခင်ဂေါပကအဖွဲ့ဝင် ၁၅ ဦးအနက် ၁ ဦးကွယ်လွန် ၃ဦးအနားယူခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ဂေါပကအဖွဲ့ဝင် ၁၁ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပညာရပ်ဆိုင်ရကျွမ်းကျင်သူ ၂ဦး၊ စုစုပေါင်း ၁၅ ဦးတို့အား ၂၃.၈ ၂၀၁၆ မှစတင်၍ ယာယီဂေါပကအဖွဲ့အဖြစ် ဖွဲ့စည်းထားသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ စည်းမျဉ်းမူကြမ်းအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ဥပဒေပညာရှင်များ ကျွမ်းကျင်သူများပါဝင်သော အဖွဲ့ဖြင့် ရေးဆွဲ၍ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးသို့ ၂၅.၇.၂၀၁၆ ရက်တွင် ပေးပို့ခဲ့ပြီး အကြံပြုချက်များရရှိပါက ဂေါပကစည်းမျဉ်းနှင့်အညီ ဂေါပကအဖွဲ့မှ ဆောင်ရွက်နိုင်ရေးအတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းနှင့် ညှိုနှိုင်းဆောင်ရွက်မည်ဖြစ်သည်။

“ကျွန်တော်တို့က တော့ အထက်က ညွှန်ကြားတဲ့အတိုင်း၊ လုပ်သင့်လုပ်ထိုက်တာမှန်သမျှကို လုပ်ဆောင်မှာဖြစ်ပါတယ်၊ သာသနာရေးဝန်ကြီးဋ္ဌာနကလည်း ညွှန်ကြားထားတယ်၊ ခရီးသွားပြည်သူတွေ၊ ပြီးတော့ နစ်နာမှု မရှိအောင် စနစ်တကျ ဖြေရှင်းမှာပါ”ဟု မွန်ပြည် နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဆိုလေသည်။
ကျိုက်ထီးရိုး စေတီ ရင်ပြင်တော် ပေါ်တွင် ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့ စေရန်နှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပြသာနာ များကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့ လက်အောက်တွင် ထားရှိကာ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ဆိုသည်။

“လာမယ့်ဘုရားဖူးရာသီမှာ ကျိုက်ထီးရိုးတောင်ပေါ်ဝန်ထမ်း အရေအတွက် ၁၀ဝ ခန့် ထပ်မံတိုးချဲ့ ခန့်အပ်သွား ဖို့ရှိပါတယ်၊ အဲ့တာတွေနဲ့ပက်သက်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို တင်ပြထားပြီးပါပြီး၊ နောက်ပြီး တော့ အများသုံးသန့်စင်ခန်းတွေ ထပ်မံဆောက်လုပ်ဖို့အတွက်ကို စီစဉ်လုပ်ဆောင်နေပါတယ် လာမယ့်ဘုရားဖူး ရာသီမှာ မမှီနိုင်ပေမယ့် ဆောက်လုပ်နေတာတွေမြင်တွေ့ရမှာပါ” ကျိုက်ထီးရိုး ဂေါပက အဖွဲ့ဝင် ဦးသိန်းမြင့်ကဆိုသည်။

ပြီးခဲ့သည့် နှစ် က ကျိုက်ထီးရိုး စေတီတော် အား လာရောက် ဖူးမျှော်သူ ၂၂သိန်းခန့်ရှိပြီး ယခုကဲ့သို့ ဟိုတယ်ခ တည်းခိုခ နှင့် စားသောက်စရိတ်များ သက်သာစေရန် လုပ်ဆောင်မည်ဆိုပါက ခရီးသွား လူဦးရေ မြင့်တက်လာနိုင်မည်ဖြစ်သည်။

“ကျိုက်ထီးရိုးမှာတော့ ပြောင်းလဲသင့်တာတွေကတော့ အများကြီးပေါ့ ဘုရားဖူးတွေအတွက် ဖြည့်ဆည်းလုပ် ဆောင်ရမဲ့အရာတွေကို စနစ်တကျ နဲ့ အမှန်တစ်ကယ် ပြောင်းလဲ လုပ်ဆောင်ပေးသွားနိုင်မယ်ဆိုရင်တော့ ပိုပြီးစည်ကားလာမယ်” ကျိုက်ထို မြို့ နေ ပြည်သူတစ်ဦးက ပြောသည်။

Leave a Reply