Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၅

ကျိုက်မရော-မုဒုံ၊ ခုနစ်ခွေလမ်းမှ လမ်းချိုးလမ်းကွေ့များကို ပြေလျော့သွားအောင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားခဲ့သည်။

ကျိုက်မရောမြို့နယ်ဘက်ရှိ ပထမအကွေ့မှာ ဧရိယာကျဉ်းမြောင်းကာ အကွေ့ကျဉ်းပြီး ကားကြီးများကွေ့ရန် ခက်ခဲနေခြင်း၊ ဒုတိယအကွေ့မှာ S ပုံသဏ္ဍာန်ဖြင့် အကွေ့ချင်း နီးကပ်စွာရှိနေသောကြောင့် ၎င်းအကွေ့နှစ်ခုအား တစ်ပြိုင်တည်း ပြုလုပ်ပေးက အကွေ့တစ်ခုလျော့ကျသွားမည်ဖြစ်ပါ၍ ယင်းကိစ္စကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ မရှိကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်း
အောင်မွန် မေးမြန်းရာတွင် ၎င်းက ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းပိုင်းမှာ မိုးရာသီတွင် ယာဉ်သွားလာဖြတ်သန်းမှုစီးရေ ၂၀ မှ ၃၀ ကြားသာရှိပြီး ပွင့်လင်းရာသီ ရောက်မှသာ အမြင့်ဆုံးသွားလာမှုနှုန်းကို စိစစ်ပြီးလျှင် ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်းဦးမင်းကျော်လွင်က ဆိုသည်။

“ဒါက ဘတ်ဂျက်မလုံလောက်တာ မဟုတ်ဘူး။ မလုပ်သင့်သေးလို့ပါ။ တကယ့်လိုက်သင့်လုပ်ထိုက်ရင် ဘတ်ဂျက်ဆွဲပြီး တင်လိုက်ရင် သူတို့စဉ်းစားပေးလိမ့်မယ်။ ဒီမှာက တံတားထိုးရင် ပိုအဆင်ပြေတယ်။ တံတားထိုးရင် ပေ ၇၀၀ ဆိုရင် အောက်က အမာခံတွေအတွက်နဲ့ပါဆိုရင် တစ်ပေကို သိန်း ၆၀ ကုန်မယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် ယင်းကိစ္စနှင့် ပတ်သက်ပြီး မိမိတစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ခြင်းမဟုတ်ဘဲ လမ်းနှင့်ပတ်သက်၍ ရှမ်း၊ ကချင်နှင့် တနင်္သာရီတို့တွင် အတွေ့အကြုံရှိသည့် အင်ဂျင်နီယာများနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (ဒုတိယနေ့) အစီအစဉ်တွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်က ကြယ်ပွင့်ပြ မေးခွန်းအဖြစ်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ရွှေရိုး

Leave a Reply