Advertisements

မော်လမြိုင်၊ စက်တင်ဘာ

ဖွံ့ဖြိုးမှုနည်းပါးသည့်ဒေသများတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် ရည်ရွယ်၍ မွန်ပြည်နယ်အတွင်းမှ ကျိုက်မရောနှင့် ချောင်းဆုံမြို့နယ်ကို အခွန်ကင်းလွတ်ဇုန်(၁)အဖြစ် သတ်မှတ်ထားကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ပြောကြားသည်။

“အဓိကကတော့ ဖွံ့ဖြိုးမှု နည်းနေသေးတဲ့ ဒေသတွေမှာ စီးပွားရေး လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်လာဖို့ မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC ) က အမိန့်ကြေညာစာ ထုတ်ပြီး သတ်မှတ်လိုက်တာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အခွန်ကင်းလွတ်ဇုန်များ သတ်မှတ်ရာတွင် ဇုန် (၁) ၌ လုပ်ကိုင်သူများသည် အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ် ရရှိမည်ဖြစ်ပြီး၊ ဇုန် (၂) တွင် ငါးနှစ်နှင့် ဇုန် (၃) တွင် သုံးနှစ်ရရှိမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

သို့သော် အဆိုပါဇုန်များတွင် စီးပွားရေးလုပ်ငန်းတိုင်းကို အခွန်ကင်းလွတ်ခွင့်ပေးအပ်ထားခြင်း မဟုတ်ဘဲ လယ်ယာစိုက်ပျိုးရေး၊ သစ်တောစိုက်ခင်းထူထောင်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးအပ်ထားကြောင်း ဦးမင်းသိန်းဦးက ပြောကြားသည်။

ယင်းအပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုကြသည့် လုပ်ငန်းရှင်များအနေဖြင့် အခွန်ကင်းလွတ်ခွင့်ရရှိရန် တင်ပြလျှောက်ထားနိုင်ပြီး မြန်မာရင်းနှီးမြှုပ်နှံကော်မရှင်(MIC)ထံမှ ကင်းလွတ်ခွင့်ရရှိရေးအတွက် အတည်ပြုထောက်ခံပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် မွန်ပြည်နယ်အတွင်း အခွန်ကင်းလွတ်မှုဇုန် သတ်မှတ်ရာတွင် မော်လမြိုင်၊ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်၊ သထုံ၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့ကို ဇုန်(၂) အဖြစ် သတ်မှတ်ထားကြောင်း ယခုအခါနိုင်ငံအတွင်း၌ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ကို အခွန်ကင်းလွတ်ခွင့် ဇုန်(၃)အဖြစ် သတ်မှတ်ထားပြီး၊ ချင်းပြည်နယ် တစ်ခုလုံးကို ဇုန်(၁)အဖြစ် သတ်မှတ်ထားကြောင်း ဦးမင်းသိန်းဦးက ဆိုသည်။

Written by – ဇော်ထိုက်

 

Advertisements
<

Leave a Reply