မော်လမြိုင်၊ မတ်လ ၁၀ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ ကျောက်မီးသွေကို အသုံးပြု၍ စက်ရုံလုပ်ငန်းများလည်ပတ် နေသောကြောင့် ဒေသခံများစုပေါင်းပြီး သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတချစ်မြတ်နိုးသူများအဖွဲ့က မတ်လ ၁၀ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင် ဦးဘိုဘိုဝင်းက ပြောသည်။

“သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဖြစ်စဉ်များကို ကျိုက်မရောတစ်ခုလုံးမှာရှိတဲ့ ထိခိုက်မှုအရာ တွေအားလုံး စမ်းစစ်တာတို့ လေ့လာတာတို့၊ တစ်ချို့ကိစ္စတွေမှာတားမြစ်တာတို့၊ ကျွန်တော်တို့အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို အတက်နိုင်ဆုံးလျော့ချမှု အနေနဲ့အသိပညာပေး တာတို့၊လုပ်ဆောင် သွားမယ်၊ပြီးတော့ ဟောပြောပွဲတွေ လုပ်ဖို့အစီအစဉ်ရှိ ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်လုံးတွင် သဘာဝ ပတ်ဝန်းကျင်နှင့်ထိန်းသိမ်းရေးနှင့် သက်ဆိုင် သည့် အဖွဲ့စည်းများ ဖွဲ့စည်း နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ကျိုက်မရောမြို့သည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအများဆုံးမြို့ဖြစ်သောကြောင့် ထုံးကျောက်တောင် တွေမပျက်စီးစေရန် အတ္တရံမြစ် မပျက်ဆီးစေရန်တို့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ကိစ္စတွေကို တက်နိုင်သလောက်ဖြေရှင်းပေးချင်တယ်၊ အဖွဲ့စည်းဖွဲ့ လိုက်သည့်အတွက် အင်အားကောင်းလာမယ် နောက်စိတ်ပါဝင်စားသူများ ပညာရှင်များပါဝင်လာရင် ပြောရေးဆိုခွင့်ရှိလာမယ်၊ သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ဒေသံတွေနားလည်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။”ဟု ကျိုက်မရောမြို့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတချစ်မြတ်နိုးသူများအဖွဲ့မှ ညှိနှိုင်းရေး မှူး ဒေါ်ရွှေဇင်သိန်းက ပြောသည်။

ကျိုက်မရောမြို့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတချစ်မြတ်နိုးသူများအဖွဲ့ကို အကြံပေးကော်မတီ ၉ ဦး၊ အလုပ်အမှုဆောင် ကော်မတီ ၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ၎င်းက ပြောသည်။

Leave a Reply