Advertisements

မော်လမြိုင် မတ်

ကျိုက်မရောမြို့နယ်အတွင်း လိုအပ်လျက်ရှိသည့် ရပ်/ကျေး စာရေးဝန်ထမ်းနေရာအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ တာဝန်ချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ မေးခွန်းကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

Advertisements
data-language="en"

လစ်လပ်နေသည့် ရပ်/ကျေး အငယ်တန်း စာရေး သုံးဦးအား ဖြည့်စွက်ခန့်ထား နိုင်ရေးနှင့်ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်သို့ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းအသစ်ထပ်မံခန့်ထား နိုင်ရေးအတွက် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ပေးပို့တင်ပြထားပြီး ဖြစ်ကြောင်း ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။

ခန့်အပ်ထားခြင်း မပြုမီ ကာလအတွင်း သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ လုပ်ငန်းအဆင်ပြေချောမွေ့နိုင်ရေးအတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းအား တာဝန်ချထားပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ကျိုက်မရော မြို့နယ်တွင် ကျေးရွာအုပ်စု(၄၃) ခုနှင့် ရပ်ကွက်(၄)ရပ်ကွက်ရှိရာ ကျေးရွာအုပ်စုတစ်ခုတွင် စာရေးဝန်ထမ်းတစ်ဦးစီခန့်ထားပေးပြီး၊စာရေးဝန်ထမ်းက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအား ကူညီပံ့ပိုးရေးအတွက် ဆောင်ရွက်ကြရပါကြောင်း ဒေါ်ခင်မျိုးမြင့်က ပြောသည်။

ဓာတ်ပုံ – မွန်ပြည်နယ်လွှတ်တော်

တေဇ

Leave a Reply