မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၁၁ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံဝမ်းကျေးရွာ၊ ၀ါးဘိုးအောက်ပိုင်းတွင် ဖေဖေါ်ဝါရီ ၉ ရက်က WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ရ၇ ပြားကို အသက် ၂၀ အရွယ်ရှိ ကျေးရွာဒေသခံ အောင်နိုင်ဦးထံမှ ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်ထံမှ သိရသည်။

20160209_184310-copy

မူးယစ်ဆေးဝါးသတင်းအရ ဦးအောင်နိုင်ဦး နေအိမ်ကို မူးယစ်တပ်ဖွဲ့စု (၃၈) မော်လမြိုင်ရဲတပ်ဖွဲ့က ရှာဖွေမှု ပြုလုပ်ခဲ့ရာ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီတိုအတွင်းမှ ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက်ရှိသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ပြားကို ကနဦးတွေ့ရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဦးအောင်နိုင်ဦး၏ နေအိမ်အတွင်းကို ထပ်မံရှာဖွေခဲ့ရာ နေအိမ်ဧည့်ခန်းဘီဒိုအပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀ ပြားကို ထပ်မံတွေ့ရှိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၃၈) မှတ်တမ်းအရ သိရသည်။

၎င်းထံသိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများသည် ဖေဖေါ်ဝါရီ ၈ ရက်က ကျုံဝမ်းကျေးရွာမှ စိုးနိုင် (ခ) ငမဲ ထံမှ ဆေးပြား ၉၀ ပြားကို ကိုယ်တိုင်သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန်အတွက် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းဆေးပြားများသည် ရောင်းချရာမှ ကျန်ရှိသော ဆေးပြားများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ယင်းမှတ်တမ်းတွင် ပါရှိသည်။

အမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲခံရသူ ဦးစိုးနိုင်၏ နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ရာ ဦးစိုးနိုင်မှာ ထွက်ပြေး တိမ်းရှောင်နေပြီး ၎င်းနေအိမ်ကို ဝင်ရောက်ရှာဖွေသော်လည်း မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် တစ်စုံတစ်ရာမျှ ရှာဖွေမတွေ့ရှိခဲ့ကြောင်း မော်လမြိုင် မူးယစ်အထူးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ အောင်နိုင်ဦးနှင့် မူးယစ်ဆေးဝါးများ ရောင်းချပေးသည်ဟုဆိုသော စိုးနိုင်တို့ကို ကျိုက်မရောမြို့မ ရဲစခန်းတွင် မယ (ပ) ၂/၂၀၁၆ မူးယစ်/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း ၎င်းတို့ထံမှ သိရသည်။

Leave a Reply