Advertisements

မော်လမြိုင်၊ ဇန်နဝါရီ

ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာ၊ သီရိမင်္ဂလာတိုက် ကျောင်းထိုင်ဆရာတော် ဦးဇနိတနှင့် မွန်ပြည်နယ်သာသနာရေးမှူး ဦးမင်းရွှေလွင်တို့ကို အရေးယူပေးရန် ပြည်ထောင်စုဝန်ကြီးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားတင်ပြထားကြောင်း ယင်းမြို့နယ် ၊၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ဦးခင်မောင်သိန်းက ပြောသည်။

အဆိုပါ ကျောင်းထိုင်မှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဖြားယောင်းသွေးဆောင် ကာမရယူခဲ့ကြောင်း ကလေးမ၏ မိဘနှစ်ဦးက ပြောသည်။ ၎င်းကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အပါအဝင်ငါးဖွဲ့က စစ်ဆေးခဲ့ကြောင်း၊ ကျိုက်မရောနယ်မြေရဲစခန်းတွင် ပုဒ်မ ၄၁၇ ဖြင့် အမှုဖွင့်၊ လူဝတ်လဲစေကာ ဖမ်းဆီးခဲ့ကြောင်း၊ လေးရက်အကြာ၌ အာမခံဖြင့် လွတမြောက်လာပြီး ရွာတွင် သင်္ကန်းဝတ်ဖြင့် တစ်နှစ်အကြာ ဆက်နေထိုင်ခဲ့ရာ အရေးယူခြင်း မရှိသေးကြောင်း သိရသည်။

Advertisements
data-language="en"

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ် သာသနာရေးမှူးသို့ တိုက်ရိုက်တိုင်ကြားခဲ့ကြောင်း၊ သွားရောက်စစ်ဆေးဆောင်ရွက်နိုင်ရန် ဆိုကာ ပြည်နယ်သာသနာရေးဦးစီးမှူး၏ စာရေးမက အမျိုးသမီးငယ်၏ မိဘများထံမှ ငွေကျပ် သုံးသောင်း တောင်းခံခဲ့သည့်အပြင် နောက်ထပ် စရိတ်လိုသေးသည်ဆိုပြီး ငွေ ကျပ်ခြောက်သောင်းကို ထပ်မံ တောင်းဆိုခဲ့ကြောင်း အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူ ဦးငွေလှိုင်းက ပြောသည်။

၈၈ ငြိမ်း/ပွင့်မှ ဦးခင်မောင်သိန်းက “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ပြည်ထောင်စု သာသနာရေး ဝန်ကြီးဆီ တင်ပြထားတယ်။ သူတို့ဘက်က ဘာမှ မလုပ်ပေးရင် ကျွန်တော်တို့ ဆန္ဒပြသွားဖို့ စီစဉ်ထားတယ်” ဟု ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၂ ရက်နေ့က မော်လမြိုင်မြို့၊မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ယက်(SMJN)ရုံးတွင် မီဒီယာနှင့်တွေ့ဆုံ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကလေးမ၏မိခင်ဒေါ်စန်းက“ ဆွမ်းပို့ ဘာပို့ သွားတယ်။ အဲဒီကျောင်းမှာ ကျွန်မအဖေလည်း ဘုန်းကြီးဝတ်နေတယ်ဆိုတော့ အဲဒီလိုယုံကြည်လို့ ကျွန်မ တအားကို လှူခဲ့တယ်။ နောက်ပိုင်း သမီးကို မယားအဖြစ် ပြုကျင့်ခဲ့တာသိတော့ ကိုယ်ကျိုးလည်း နည်းရတယ်။ ရှက်လည်းရှက်ရတယ်”ဟု ဆိုသည်။ ထိုသို့ ကြားသိပြီးနောက် အမျိုးသမီးငယ်၏ မိခင်က ဦးဇနိတအား အမျိုးသမီးငယ်ကို လက်ထပ်ပြီး ထွက်သွားပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

“အသက် ၁၈ နှစ်ပြည့်မှ သူ လူဝတ်ပြီး သမီးကို လက်ထပ်မယ်လို့ ပြောတယ်။ တစ်နှစ်ကြာတော့ သမီးမှာ ကိုယ်ဝန်ရှိလာတော့ ကိုယ်ဝန်ဖျက်ဖို့ သူခေါ်သွားတယ် ။ ကိုယ်ဝန်ဖျက်ချခဲ့တဲ့ အိမ်ကို ကျွန်မရောက်ခဲ့တယ်။ ဒီလိုလုပ်တယ်ဆိုတော့ ကျွန်မဘယ်လို ခံစားရမလဲ။ ဗုဒ္ဓဘာသာ သာသနာ ထွန်းပြောင်စေချင်တယ် ။ ဒီကနေ့ သူ့အပြစ်သူ ဒဏ်ခံစေချင်တယ်” ဒေါ်စန်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ် သာသနာရေးမှူး ဦးမင်းရွှေလွင်အနေဖြင့် ငွေကြေးတစ်စုံတစ်ရာ မတောင်းဆိုခဲ့ကြောင်း၊ အဂတိလိုက်စားမှု မရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။“လက်ရှိကတော့ မြို့နယ်တရားရုံးကနေ လွှတ်တော်တရားရုံးကိုတင်တယ်။ လွှတ်တော်တရားရုံးကလည်း ကျပြီးမှ မြို့နယ်တရားရုံးက အသက်ဝင်သွားမယ်လေ၊ အဲဒီလိုမျိုး။ ကျွန်တော်တို့ ပြောမယ်ဆိုရင် သူ့ကို ကျွန်တော် တရားပြန်စွဲမယ်။ ပတ်သက်မှုလည်း မရှိဘူး။သူတို့က ဥပဒေလမ်းကြောင်းပဲ သွားရမယ်။ တရားရုံးမှာ ဟိုလိုစွဲပါ ၊ ဒီလိုစွဲပါ ၊ လိုက်ပြီးတော့ ဖိအားတွေပေးနေတယ်” ဟု ၎င်းက ဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဥပဒေနှင့် အညီ အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

Written by ခင်နန်းဌေး

Leave a Reply