မော်လမြိုင်၊ ဧပြီ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာမှ Case-27 လူနာနှင့် ထိတွေ့ခဲ့သူ ၁၅ ဦးထဲတွင် ကလေး ၅ ဦးပါဝင်နေကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ် ဦးစီးမှုး ဒေါက်တာဝတ်မှုံက ပြောကြားသည်။
Case-27 လူနာနှင့် ထိတွေ့ခဲ့သည့် ကလေး ၅ ဦးမှာ ၁ နှစ်မှ ၁၃ နှစ်အတွင်း ဖြစ်ပြီး အဆိုပါ ကလေးငယ်များအတွက် ကလေးအထူးကုဆရာဝန်ကြီးက တစ်နေ့တစ်ကြိမ် လာရောက်ကြည့်ရှုစစ်ဆေးပေးကြောင်း ၎င်းက ရှင်းပြသည်။
“သူတို့တွေက အခုထိတော့ ကျန်းကျန်းမာမာပါပဲ”ဟု ဒေါက်တာ ဝတ်မှုံက ပြောသည်။
မော်လမြိုင်ဆေးရုံကြီးသို့ လွဲပြောင်းပေးနေစဉ်
Case-27 လူနာနှင့် ထိတွေ့ခဲ့သည့်သူ ၁၅ ဦးပါရှိပြီး အဆိုပါ ၁၅ ဦးထဲတွင် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာ Case-27 လူနာ မိသားစုဝင်တစ်ဝက်ပါနေကြာင်း ၎င်းနှင့်အတူ အမျိုးသမီးငယ်တစ်ဦးက Hospital Quarantine တက်သွားခဲ့ပြီး မကြာသေးမီက ဆေးရုံကနေ ဆင်းသွားကြောင်း ၎င်းက ဆိုသည်။
“ဒီညီမလေးအပါအဝင် သူ့မိသားစုကိုပါ ဆေးရုံကြီးမှာ ၁၅ ယောက်ခေါ်ထားတယ်။ ၁၅ ယောက်ကို ရောဂါပိုးစစ်ဆေးမှာပေါ့။ စစ်ဆေးရင် ရောဂါပိုး တွေ့ရင်လည်း တွေ့မယ်။ မတွေ့ရင်လည်း မတွေ့ဘူး။ ဒါကြောင့်ကျွန်မတို့က သူတို့ကို PUI အနေနဲ့ သတ်မှတ်ပြီးတော့ ခေါ်ထားတယ်”ဟု ဒေါက်တာဝတ်မှုံက ထပ်လောင်းပြောကြားသည်။
လူကြီးပိုင်းများကို အထူးကုသမားတော် ဆရာဝန်ကြီးများက တစ်နေ့တစ်ကြိမ် လာရောက်ကြည့်ရှုစစ်ဆေးပေးပြီး ကလေး ၅ ယောက်ကိုလည်း အမျိုးသမီးနှင့်ကလေးဆေးရုံ အထူးကုဆရာဝန်ကြီးများက လာကြည့်ရှုစစ်ဆေးပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
Case-27 လူနာနှင့် ထိတွေ့ခဲ့သူ ၁၅ ဦးကို သွားလာမှု ကန့်သတ်ကာ စောင့်ကြည့်နေကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ရွှေရိုး