မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်ရှိအာဇာနည်ကျောက်တိုင်အားယခုအစိုးရလက်ထက် အတွင်းသီးသန့်ပြန်လည်ထားရှိသင့်ကြောင်းကျိုက်မရောမြို့ပေါ်ရပ်ကွက်ရှိဒေသခံများကဟင်္သာမီဒီယာသို့ ပြောဆိုသည်။

kyaik tai

အဆိုပါ အာဇာနည်ကျောက်တိုင်ကို ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ တွင် ကျဆုံးသွားသည့် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ကြီးများကိုဂုဏ်ပြုသည့်အနေဖြင့် ဒေသခံများကစိုက်ထူခဲ့ ခြင်းကြောင်းအဆိုပါဒေသခံများကဆိုသည်။

လက်ရှိအချိန်တွင် ရာဇာမင်းဆီဆိုင်ခြံဝင်းအတွင်းရောက်ရှိနေသဖြင့် ကျောက်တိုင်နေရာကိုသီခြား ပြန်လည်ထားရှိပေးစေလိုကြောင်းကျိုက်မရောမြို့ခံအသက် ၇၈နှစ် အရွယ် ဒေါ်ရွှေရည်ကအကြံပြုပြောဆိုသည်။

“အာဇာနည်နေ့ဆိုရင် ပန်းခွေချတယ် ချီတက်အလေးပြုတယ် သုံးတန်းလေးတန်းအရွယ်ကနေဝန်ထမ်းဘဝအထိပေါ့ နောက်ပိုင်းမှာတော့ ကြီးကြီးမားမား ပြည်သူတွေချီတက်တာတော့မရှိတော့ဘဲသက်ဆိိုင်ရာဌာန က ပန်းခွေချတာလောက်ပဲလုပ်ဖြစ်တယ်” ဟု၎င်းကပြောဆိုသည်။

ယခင် ကျောက်တိုင်ဘေးတွင် အစိုးရဓာတ်ဆီဆိုင်ရှိခဲ့ရာမှ ယခုအခါတွင် ကျောက်တိုင်မှာဆီဆိုင်ခြံဝင်းအတွင်းရောက်ရှိနေပြီးအပင်ကြီးများဖြင့် အုပ်ဆိုင်းနေသဖြင့် ကျောက်တိုင်အားပြင်ပမှ ကောင်းစွာမမြင်တွေ့နိုင် ကြောင်းကျိုက်မရောဒေသခံတစ်ဦးကပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့တွင်ကျင်ပသည့် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ကျိုက်မရောမြို့နယ်ရှိအာဇာနည် ကျောက်တိုင်ကိုသီးသန့်ပြန်လည်ထားရှိရန် အဆိုကိုတင်သွင်းခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်ပြီးမွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးမင်းထင်အောင်ဟန်က“ဒီဟာကိုကုမ္မဏီကိုရောင်းချပြီးဖြစ်တဲ့အတွက် ဖြေရှင်းရန် နည်းလမ်း ၂မျိုးရှိပါတယ်၊ အစိုးရဘတ်ဂျက်နဲ့နစ်နာကြေးပေးမှာလား၊ ပြည်သူတွေဆီကကောက်ခံပြီးတော့ နစ်နာကြေးမှာလား၊ဆိုတာအကြံပြုပါတယ်”ဟုပြောဆိုခဲ့သည်။

ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့် တင်သွင်းသည့်အဆိုကိုမွန်ပြည်နယ်လွှတ်တော် က ကန့်ကွက်သူမရှိသည့် အတွက် အတည်ပြုမှတ်တမ်းတင်ခဲ့ကြောင်းမွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေးမှတ်တမ်းများအရသိရသည်။
အဆိုပါ အာဇာနည်ကျောက်တိုင်မြေနေရာအနီးရှိမြေကွက်ကို၂၀၁၁ခုနှစ်တွင်ရာဇာမင်းကုမ္ပဏီထံကာလပေါက်ကြေးဆယ်ဆတိုးမြှင့်နှုန်းငွေကျပ်သိန်း၂၀ဝ ဖြင့်ရောင်းချခဲ့ခြင်းကြောင့် ယင်းကျောက်တိုင်မှာ ဆီဆိုင်ဝင်းအတွင်းရောက် ရှိနေခြင်း ဖြစ်ကြောင်းအစိုးရအဖွဲ့ထံမှသိရသည်။

Leave a Reply