မော်လမြိုင်၊ မတ် ၉ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုနှစ် ရာသီဥတုပူပြင်းမှုကြောင့် ယခင်နှစ် များထက် စော၍ ရေခန်းခြောက်ကာ သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ကျိုက်မရော မြို့ခံများကပြော ကြားသည်။

“ကျွန်မတို့ဆီမှာ အရင်တုန်းကဆို တပေါင်း၊ တန်ခူးလလောက်မှ ရေခန်းတာ ဒီနှစ်က တပို့တွဲလ မှာ

ကတည်းက မရှိတော့တာ ပိုစောပြီးရေတွင်းတွေခန်းကုန်တယ်၊ မရှိတော့ ဝယ်သုံးရတာပေါ့ တစ်စည်ကို ၁၂၀၀ ကျပ် ပေးရတယ် တစ်နေ့ နှစ်စည်လောက်ဝယ်သုံးရတယ် ဧပြီလပိုင်းလောက်ဆို ၁၅၀၀ ကျပ် ဖြစ်တတ် တယ်”ဟု အတ္တရံမြို့သစ်ရပ်ကွက် ကင်းဝန်မင်းကြီးလမ်းနေ ဒေါ်မြင့်မြင့်စန်းကပြောကြားသည်။

ယင်းကဲ့သို့ ရပ်ကွက်တစ်ချို့ရေအခက်အခဲဖြစ်ပေါ်နေသောကြောင့် ရေဝယ်သုံးနေသူများလည်းရှိပြီး ဆိုင်ကယ်၊ စက်ဘီး၊ လက်တွန်းလှည်းများဖြင့် ရေရရှိသည့် နေရာများမှ သွားရောက်သယ်ယူ သုံးစွဲနေရကြောင်း ကျိုက်မရောမြို့ပေါ်ရပ်ကွက်အချို့မှ ဒေသခံများက ပြောသည်။

အတ္တရံမြို့သစ်ရပ်ကွက်တွင် ရေအခက်အခဲဖြစ်ပေါ်နေပြီး မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ရှင်စောပုရပ် ကွက်တွင် သုံးစွဲနေရသော သောက်သုံးရေကန် သည်လည်း ရေခန်းခြောက်မှု စတင် ဖြစ်ပေါ်နေကြောင်း ၎င်း ရပ်ကွက်တွင်နေထိုင်သူများက ပြောဆိိုသည်။

ကျိုက်မရောမြို့နယ်စည်ပင်အနေဖြင့် ယခုနှစ်နွေရာသီ ရေပြတ်လပ်မှုများအတွက် ရေသယ်ယာဉ် နှစ်စီးဖြင့် ရေပြတ်လပ်သော နေရာများသို့ ပို့ဆောင်ပေးရန် ပြင်ဆင်ထားကြောင်းကို စည်ပင်မှ တာဝန်ခံ ကိုနေစိုး ကျော်က ပြောသည်။

“ကြိုတင်ပြင်ဆင်တဲ့ အပိုင်းအနေနဲ့ဆို အများသုံးကန်တွေ ရှိတယ် စည်ပင်အနေနဲ့ ရေသယ်ယာဉ် အသင့်အနေ အထားပြင်ဆင်ထားတယ် မြို့ပေါ်ရပ်ကွက်တွေ အတွက် မြို့မ၊ ထုံးဘို၊ စက်ကုန်းရေပေးဝေရေးနဲ့ အတ္တရံ မြို့သစ် ရေပေးဝေရေးဆိုပြီး လေးခု ရှိတယ် အဲ့ဒီရေပေးဝေရေး လေးခုကနေပြီးတော့ တစ်ရက်ကို ဂါလန် ၃၅၀၀၀ ပေးဝေနေပါတယ် လက်ရှိအခြေအနေထိတော့ တစ်ချို့ရေတွင်းတွေမှာ ရေရရှိနေတုန်းပဲ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နှစ်စဉ်နှစ်တိုင်း လူမှုရေးအဖွဲ့တွေကနေ ရေရှားပါသည့် ဧပရယ်လလောက်တွင် လာရောက် လှူဒါန်းသူများ လာရောက်လေ့ရှိကြောင်းနှင့် ကျိုက်မရောမြိုနယ် အိမ်ခြေ ၁၀၀တွင် ရေတွင်း ၁၀ တွင်းခန့်ရှိပြီး ရေတွင်း ငါးတွင်းလောက်သာ ရေခန်းခြောက်မှုများဖြစ်ပေါ်တတ်ကြောင်း ၎င်းက ပြောဆိုသည်။

ကျိုက်မရောမြို့နယ်တွင် လက်တူးရေတွင်း ရ၁၆ တွင်း၊ အများသုံးရေတိုင်စင် ၂၃ စင်နှင့် အများသုံးရေကန် ၃၃ ကန်ရှိကြောင်း ကျိုက်မရောမြို့နယ်စည်ပင်သာယာရုံးမှ သိရသည်။

Leave a Reply