မော်လမြိုင်၊ စက်တင်ဘာ ၂၀

ကျိုက်မရောမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသား (၆) ဦးထံမှ မူးယစ်ဆေးဝါးစစ်ဆေးတွေ့ရှိခဲ့သည့် သတင်းမှာ မဟုတ်မှန်ကြောင့် ကျိုက်မရောမြို့အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှသန်းက ပြောသည်။

ကျောင်းသားများက ကျောင်းမှန်မှန်မတက်သည့်အတွက် အရက်၊ ဆေးလိပ် သောက်သုံးနေသည်ကို ကျောင်းရှိ ဆရာ၊ ဆရာမများက ဝိုင်းဝန်းကူညီပေးကြရန် ကျောင်းသားမိဘများက တောင်းဆိုလာသည့်အတွက် ဆရာ၊ ဆရာမ၊ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ကျောင်းသားမိဘတို့က ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ဆိုသည်။

“ဆွေးနွေးပြီးတဲ့အခါကျတော့ ဒီကလေးတွေက သူတို့နားလည်သွားတယ်။ အဲဒီတော့ ကလေးသုံးလေးယောက် က သုံးလေးခါလောက်ဆေးသုံးထားဖူးတယ်ဆိုပြီးတော့ သားတို့ ဆေးဖြတ်ပါ့မယ်တဲ့ သားတို့ ဆေးဖြတ်ရင် လည်း ခွင့်ရက်ရှည်ပေးတယ်။ ပြီးလို့ရှိရင် ကျောင်းလာပြန်တက်နိုင်တယ်၊ အဲဒီလိုပဲ ဆုံးမတယ်။ ပြီးတော့ မိဘတွေနဲ့လည်း ပြေပြေလည်လည်ပဲ ပြီးသွားတယ်။ အဲဒါကို ဘယ်လိုသတင်းပေါက်ကြားလဲတော့ မသိဘူး။ ဆေးမိတာလည်း မဟုတ်ဘူး။ ဆီးစစ်တာလည်း မဟုတ်ပါဘူး”ဟု ဒေါ်လှသန်းက ပြောသည်။

ကျောင်းသူ၊ ကျောင်းသားများနှင့် ပတ်သက်၍ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမတို့ အစည်းအဝေးလုပ်သည့်အခါတိုင်းတွင် ကျောင်းသားများကို မုန့်ဖိုးများများ မပေးရန်နှင့် အလိုမလိုက်ရန်၊ ကျောင်းသားမိဘများအနေဖြင့် ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် အမြဲမပြတ်ဆွေးနွေးတိုင်ပင်နေရန် တိုက်တွန်းပြောကြားလေ့ရှိကြောင်း ကျောင်းတာဝန်ရှိသူများက ဆိုသည်။

ကျိုက်မရောမြို့ အခြေခံပညာအထက်တန်းကျောင်းမှာ နဝမတန်းကျောင်းသား (၆) ဦးထံမှ မူးယစ်ဆေးဝါးတွေ့ရှိသည်ဟု လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့သွားသည့်ကိစ္စနှင့် ပတ်သက်၍ ကျိုက်မရောမြို့နယ်ပညာရေးမှူးရုံးထံ ကျောင်းအုပ်ဆရာမကြီးက အစီရင်ခံထားကြောင်း ကျိုက်မရောမြို့နယ် ဒုတိယပညာရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

“အထက်တန်းကျောင်းအုပ်ဆရာမကြီးပြောတာကတော့ ဒါကတော့ မမှန်မကန်မှုလို့ ပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ်ပညာရေးမှူးရုံးကိုလည်း သူတို့ အစီရင်ခံစာတင်ထားတယ် ဒီဖြစ်ရပ်က မမှန်ဘူးဆိုတဲ့အကြောင်းပေါ့။

ကျောင်းသားမိဘက စိုးရိမ်စိတ်ရှိလို့ ဆရာမကြီးဆီကိုလာပြီးတော့ သူ့ကလေးအခြေအနေကို လာတင်ပြတဲ့အနေအထားကနေပြီးတော့ အခုလိုဖြစ်သွားတယ်တယ်လို့ ကျောင်းအုပ်ကြီးက ကျွန်တော်ကို ပြောပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကျောင်းသူ၊ ကျောင်းသားများ မသုံးစွဲမိစေရန်အတွက် လစဉ်တိုင်းလိုလို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ကျိုက်မရောမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာပေးလုပ်ဆောင်နေကြောင်း ကျောင်းတာဝန်ရှိသူများက ဆိုလေသည်။

Written by ရွှေရိုး

Leave a Reply