Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

မော်လမြိုင်မြို့နယ်၊ ကျိုက်မရောအကျဉ်းထောင်ကို လာမည့် ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် ကျိုက်မရောမြို့၊ ရေတွင်းကုန်းကျေးရွာအနီးရှိ နေရာသစ်သို့ ပြောင်းရွှေ့နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အကျဉ်းထောင်သစ် ဆောက်လုပ်ထားမှုမှာ ၈၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က ဒီဇင်ဘာ ၇ ရက်တွင် ဟင်္သာမီဒီယာကို ပြောကြားသည်။

ယင်းသို့ ပြောင်းရွှေ့နိုင်ရန် ကျိုက်မရောမြို့၊ ကွင်းအမှတ် (၅၈၆) နှင့် (၅၉၀)မှ မြေဧက ၂၅၆ ဒသမ ၆၆ အကျယ် အကျဉ်းသားဦးရေ တစ်ထောင်ဆံ့ အကျဉ်းထောင်သစ်ကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကတည်းက စတင်၍ ဆောက်လုပ်နေခဲ့ခြင်းဖြစ်သည်။

ယခုချိန်တိုင် ပြောင်းရွှေ့မှု မရှိသေးခြင်းနှင့် ပတ်သက်၍ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က “ဘတ်ဂျက်ရတဲ့အပေါ် မူတည်ပြီးမှ ဘဏ္ဍာရေးတစ်နှစ်ချင်းအလိုက် စောင့်နေရတယ်။ တစ်ခါတည်းဆောက်လုပ်နေရတာမဟုတ်ဘဲ နိုင်ငံတော်ကချပေးတဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီးဆောက်နေရတယ်။ အားလုံးပြီးသွားရင်တော့ ရွှေ့မှာပါ” ဟု ပြောဆိုသည်။

ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ၊(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်)၏ အဆောက်အအုံ နှင့် မြေနေရာအား ပုဂ္ဂလိကသို့ ရောင်းချရန် ရှိ၊ မရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (ယခု လွှတ်တော် ဒုဥက္ကဋ္ဌ )ဒေါက်တာ အောင်နိုင်ဦးက မေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်အပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြန်လည်ဖြေကြားခဲ့သည်မှာ အကျဉ်းထောင်သစ် နေရာသို့ ရွှေ့ပြောင်းပြီးပါက ကျိုက်မရောအကျဉ်းထောင် (မော် လမြိုင်)သည် ပြည်ထဲရေးဝန်ကြီးဌာနပိုင်မြေဖြစ်၍ မြို့ပြဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မွန်ပြည်နယ်တွင် အကျဉ်းသား တစ်ထောင်ဆံ့ (က)အဆင့်ရှိ ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်)နှင့် အကျဉ်းသား ငါးရာဆံ့ (ခ) အဆင့်ရှိ သထုံအကျဉ်းထောင်ဟူ၍ အကျဉ်းထောင်နှစ်ခုရှိကြောင်း ပြည်နယ်အကျဉ်း ဦးစီးဌာနက ဆိုသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply