မော်လမြိုင်၊ မတ် ၉ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိ မြို့မစျေးကြီးအား နှစ်ထပ်စျေးသစ်ကြီးအဖြစ် ပြန်လည် အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် စည်ပင်သာယာအဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာ ဦးနေစိုးကျော်က ပြောသည်။

ကျိုက်မရော မြို့မနှစ်ထပ်စျေး တည်ဆောက်ရန်အတွက်၊ စျေးပုံစံကြမ်းများ ဆွဲထားပြီးဖြစ်ကြောင်းနှင့် ဆိုင်ခန်း ဝယ်ချင်သူများ စာရင်ပေးသွင်းရမည့် ရက်များကိုလည်း သတ်မှတ်ထားကြောင်း ၎င်းက ပြောဆိုသည်။

20160308_125949“ကျိုက်မရောမြို့မှာ နှစ်ထပ်စျေးအဖြစ် ပြန်လည်တည်ဆောက်မှု လုပ်ဖို့အတွက် SHWE SIN ကုမ္ပဏီက တာဝန်ယူ တည်ဆောက်မှာပါ အခုလက်ရှိတော့ တည်ဆောက်မှု မလုပ်ရသေးဘူး၊ စာချုပ်ချုပ်ဆိုဖို့ ကျန်ရှိနေတဲ့ အတွက် ခဏရပ်ဆိုင်းထားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိမြို့မစျေးတွင် ဆိုင်ခန်းပေါင်း ၁၂၉ ခန်းရှိပြီး ဆိုင်ခန်းများအကျယ်သည့် ငါးပေပတ်လည် ဆိုင်ခန်းများ ဖြစ်ကြောင်းနှင့် အဆင့်မြှင့်တင် တည်ဆောက်မည့် စျေးတွင် ဆိုင်ခန်းများကို ငါးပေ၊ ခြောက်ပေ ဆိုင်းခန်းများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

အဆင့်မြှင့်စျေးသစ် တည်ဆောက်ပြီးလျှင် လက်ရှိပိုင်ဆိုင်ထားသော ဆိုင်ခန်းပိုင်ရှင်များမှာ မြေညီထပ်အတွက် ၁၀ သိန်းခန့် ထပ်မံငွေပေးချေရမည်ဖြစ်ပြီး ဆိုင်ခန်းအသစ် လျောက်ထားသူများသည် ၁၅ သိန်း ပေးသွင်းရမည် ဖြစ်ကြောင်းနှင့် အဆင့်မြှင့်တင်မည့် နှစ်ထပ်စျေးသစ်ကြီးတွင် ဆိုင်ခန်းပေါင်း ၁၉၆ ခန်း ပါဝင်မည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ်စည်ပင်သာယာဦးစီးဌာနမှ သိရသည်။

Leave a Reply