Advertisements

ပုသိမ်၊ အောက်တိုဘာ ၄ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့ရှိ (၂)လမ်းကူးတို့ဆိပ်တွင် စက်လှေများအား ဆိပ်ကမ်းခကောက်ခံ၍ စက်လှေမောင်းသူတို့အား စားဝတ်နေရေးကျပ်တည်းအောင် ပြုလုပ်နေသည်ဟုဆိုကာ စက်လှေမောင်းသူများ နှင့် မိသားစုဝင်(၅၀)ခန့်သည် အောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းတွင် ခွင့်ပြုချက်ဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

“ကူးတို့ဆိပ်လုပ်လိုက်ပေမယ့် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းပြေးဆွဲတဲ့စက်လှေ တစ်စီးမှမရှိတဲ့အပြင် တဖက် ကမ်းမှာလည်း ကူးတို့ဆိပ်ဆိုတာမရှိဘူး။ ဒါ့အပြင် ဥပဒေနဲ့ညီတဲ့အဆောက်အဦးတွေ၊ ဆိပ်ခံတံတားတွေမရှိဘဲ ဆိုင်းဘုတ်တစ်ခုထောင်ပြီး ကပ်သမျှစက်လှေတွေကိုပဲ ပိုက်ဆံကောက်ခံချင်လို့ ကူးတို့ဆိပ်လုပ်ထားသလို ဖြစ်နေတဲ့အတွက် တရားဝင်အခွန်ဆောင်ပြီးသား စက်လှေတွေကို ထပ်ပြီးပိုက်ဆံကောက်တဲ့အတွက် အခုလိုဆန္ဒထုတ်ဖော်ရတာပါ။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် စက်လှေမောင်းသူ ဦးညွှန့်ဇော်ကပြောသည်။

ကျိုက်လတ်မြို့၊ (၂)လမ်းကူးတို့ဆိပ်သည် ယခင်ကအများပြည်သူ ရေချိုးဆိပ်ပြုလုပ်နေသည့်နေရာဖြစ်ကာ ၂၀၁၃ ခုနှစ်ခန့်မှစတင်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လေလံပစ်ခဲ့ပြီး လေလံအောင်သူများသည် ဆိုက်ကပ်သမျှ စက်လှေများအပေါ် ဆိပ်ကမ်းအကောက်ခွန်အပြင် စည်ပင်ခွန်ပါ ထပ်မံကောက်ခံခဲ့ခြင်းကြောင့် စက်လှေပိုင်ရှင်များမှာ အခွန်(၂)ခါပေးဆောင်နေရသဖြင့် မိသားစုစားဝတ်နေရေး ကျပ်တည်းလာကြောင်း သိရသည်။

လက်ရှိကူးတို့ဆိပ် ဖွင့်လှစ်ကောက်ခံနေသူများသည်လည်း ဥပဒေအတိုင်း အမှန်တကယ် လေလံရရှိခဲ့သူများ မဟုတ်ဘဲ ရရှိသူက တဆင့်ပြန်လည်ရောင်းချပြီး ထပ်မံ၍ ကိုယ်စားလှယ်အဆင့်ဆင့်လွှဲကာ ကောက်ခံနေသည်ကို ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကသိသော်လည်း အရေးယူခြင်းမရှိကြောင်း ဆန္ဒထုတ်ဖော်သူ များထံမှသိရသည်။

“ဥပဒေတွေနဲ့အညီ၊ လေလံစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် စက်လှေသမားတွေက ကျေနပ်မှုမရှိတာကြောင့် ပြီးခဲ့တဲ့ဇွန်လကနေစပြီး ဌာနကနေ ကောက်ခံခြင်းမရှိတော့ပါဘူး။ အခုလို ဆန္ဒထုတ်ဖော်တာကလည်း ကူးတို့ဆိပ်လေလံရလိုတဲ့ လုပ်ငန်းရှင်အချင်းချင်းပြိုင်ဆိုင်မှုကနေ ကူးတို့ဆိပ်ပျက်အောင် လုပ်ဆောင်တာပါ။ ဥပဒေအရရှိနေတဲ့ ကူးတို့ဆိပ်ကိုပျက်အောင် ဥပဒေပဲလုပ်လို့ရမှာဖြစ်ပါတယ်။”ဟု ကျိုက်လတ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှအမှုဆောင်အရာရှိ ဦးဌေးလှိုင်က ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် ကူတို့ဆိပ်လေလံစည်းကမ်းနှင့် မကိုက်ညီသော (၂)လမ်း ကမ်းနားလမ်းကူးတို့ဆိပ် ချက်ချင်းဖျက်သိမ်းပေးရေး၊ ကူးတို့ဆိပ်လေလံရရှိသော လေလံစည်းကမ်းပျက်ဆောင်ရွက်နေကြသူများကို ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အရေးယူဆောင်ရွက်ပေးရေး၊ ပြည်သူကို မောက်မာစွာ ပြောဆိုသော ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့က အရေးယူပေးရေး၊ ကျိုက်လတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့လုပ်ရပ် အလိုမရှိကြောင်း စသည့်ကြွေးကြော်သံများဖြင့် ကျိုက်လတ်မြို့ နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့အပါအဝင် ကျိုက်လတ်မြို့အနှံ့ လှည့်လည်ပြီး နံနက်(၉)နာရီမှ (၁၁)နာရီအ ထိ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

Written by – MMK

 

Advertisements
<

Leave a Reply