Photo : Myanmar State Counsellor Office

မော်လမြိုင် ဧပြီ ၄

မော်လမြိုင်မြို့ လှိုင်ရပ်ကွက် တောင်ရိုးတန်းရှိ အထင်ကရ သမိုင်းဝင် ကျိုက်သလ္လံစေတီတော် တည်ရာ ကုန်းတော်တွင် မလိုအပ်သည့် တည်ဆောက်မှုများကို ထပ်မံခွင့်မပြုရန် လိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂေါပကအဖွဲ့ကို အကြံပြုခဲ့သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်က ဂေါပကအဖွဲ့အနေဖြင့် စေတီတော်ကြီး ထိန်းသိမ်းရေး ရန်ပုံငွေ အမြဲရှိနေရန် လိုအပ်ကြောင်း၊ ရန်ပုံငွေ ထားမည်ဆိုပါက ရေရှည်တွင် အပျက်အစီးနည်း သွားမည်ဖြစ်ပြီး စေတီတော်ကြီး ပိုမိုသပ္ပါယ်လာမည် ဖြစ်ကြောင်း ဆက်လက် တိုက်တွန်းခဲ့သည်။

စေတီတော်ဓမ္မာရုံ၌ ဧပြီ ၄ ရက် နံနက်ပိုင်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြည်နယ်ခန်းမတွင် ပြုလုပ်မည့် မော်လမြိုင်ဒေသခံများနှင့် လူထုတွေ့ဆုံပွဲသို့ မတက်ရောက်မီ စေတီတော်ကို လာရောက်ဖူးမြော်စဉ် ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ကနဦးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စေတီတော် ဂန္ဓကုဋိတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုသည်။ ယင်းနောက်တွင် စေတီ၏ ကုန်းတော်ရေရှည်တည်တံ့ခိုင်မြဲေရး၊ ပျက်စီးမှုများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့သည်။

ယမန်နှစ် ၂ဝ၁၈ ဇွန် ၁၇ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနှင့် လေပြင်း ထန်စွာ တိုက်ခတ်မှုများကြောင့် ကုန်းတော်မှာ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက စေတီတော် အရှေ့ဘက်နှင့် အနောက်ဘက်မုခ် တောင်းစောင်းများ မြေပြိုကျမှုဖြစ်ပွားခဲ့မှု၊ ပျက်စီးဆုံးရှုံးမှု၊ အရှေ့ ဘက်စောင်းတန်းရှိ ပြိုကျအက်ကွဲနေသော ရင်ပြင်အား ရေထပ်မံစိမ့်ဝင်မှု မရှိစေရန် တာပေါ်လင်စများဖြင့် ဖုံးအုပ်ထားမှု၊ ရင်ပြင်တော်ရှိ အက်ကွဲကြောင်းများအား ဘိလပ် မြေသရွက်ဖြင့် ဖာထေးထားမှု ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ ရှေ့ဘက်စောင်းတန်းရှိကုန်းတော် မြေပြိုကျနေမှုအား လမ်းဦးစီးဌာနမှ တောင်ပြိုမြေများ ဖယ်ရှားခြင်း၊ ကျောက်စီခြင်း၊ မြေကာနံရံဖြင့် မြေ ထိန်းခြင်း၊ အနောက်ဘက်မုခ်ဦး မြေထိန်းနံရံ ပြိုကျနေသောနေရာနှင့် ကွဲအက်နေ သော နေရာများအား သဲအိတ်များဖြင့် ကာရံခြင်း စသည့်ယာယီအရေးပေါ် ဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် မြေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းနှင့် အက်ကွဲ ကြောင်းများအား Monitoring လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်း ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြခဲ့သည်။

စေတီကုန်းတော်ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်ရန်ပုံငွေ မှာ ကျပ် ၁၈၃၈ ဒသမ ၂ သန်းဖြစ်ကြောင်း၊ အလှူငွေလက်ခံရရှိမှုမှာ ကျပ် ၈၇၁ သန်းဖြစ်ပြီး ထပ်မံလိုအပ်ရန်ပုံငွေ ကျပ် ၉၆၇ ဒသမ ၂ သန်းဖြစ်ပါကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ကုန်းတော်အား ရေရှည်တည်တံ့ခိုင်မြဲရန်လုပ်ငန်းများ ဆောင်ရွက်ပြီးသည့်အခါ ရင်ပြင် တော်ပေါ်တွင် ရေထုတ်စနစ် တည်ဆောက်ခြင်း၊ ကြွေပြားများပြန်လည်ကပ်လှူခြင်းနှင့် သာသနိက အဆောက်အဦများအား ရှေးမူမပျက် ပြန်လည်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းများအတွက် ခန့်မှန်းငွေကျပ် သန်း ၂ဝဝဝ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း ဝန်ကြီးက ဆက်လက်တင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြိုကျပျက်စီးမှု အခြေအနေကို ၅ ပိုင်းခွဲ၍ သုံးသပ်ထားသည်ကို တွေ့ရပါကြောင်း၊ ၅ ပိုင်းတွင် ၃ ပိုင်းက တိုးချဲ့ရင်ပြင်များကြောင့် မြေပြိုကျမှုများဖြစ်ပေါ်ရသည်ကိုေတွ့ရပါကြောင်း၊ တိုးချဲ့ သည့် နေရာတွင် စနစ်တကျမရှိဘဲ မြေသားခံနိုင်ရေရှိ/မရှိ၊ ပထဝီအနေအထားအရ လုပ်သင့်/ မလုပ်သင့်ဆိုသည်ကို သေသေချာချာ မလေ့လာဘဲ တိုးချဲ့လိုက်၍ ပျက်စီး ရခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

ပြန်လည်ပြုပြင် တည်ဆောက်ပြီးသည့်အခါတွင် ထိန်းသိမ်းရေးသည် အင်မတန် အရေးကြီးပါကြောင်း၊ ထိန်းသိမ်းရေးလုပ်သည့်အခါတွင် မစမ်းသပ်ဘဲ၊ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များနှင့်မညှိနှိုင်းဘဲ လုပ်ဆောင်၍ မရနိုင်ပါကြောင်း၊ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ ၏ အကြံပြုချက်ဖြင့် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပါေကြာင်း၊ သဘာဝဘေးအန္တ ရာယ်ကြောင့် တစ်နိုင်ငံလုံးတွင် ပျက်စီးယိုယွင်းမှုများ ရှိနေပါကြောင်း၊ မိမိတို့ နိုင်သည့် ရာသီဥတု၏ ပြောင်းလဲမှုဒဏ်ကို ခံနေရသည့် အချိန်ဖြစ်ပါကြောင်း၊ ရာသီဥတုမှာ ပြောင်းလဲသွားပြီ ဖြစ်ပါကြောင်း၊ ယခင် ရာသီဥတုအပေါ်တွင် အခြေခံပြီး ပြင်ဆင်မှု များဆောင်ရွက်၍ မရတော့ပါကြောင်း၊ ယခု မိုးရွာပုံရွာနည်း၊ မုတ်သုံစတင်ချိန်နှင့် မုတ်သုံပြီးဆုံးတို့သည့် ယခင်ကနှင့် မတူတော့ပါကြောင်း။

ယခုလုပ်ငန်းသည် ကုသိုလ်ဖြစ်လုပ်ငန်း ဖြစ်သည့်အတွက်ကြောင့် ဒေသခံ ပြည်သူပြည်သူများက သဒ္ဒါစိတ်ဖြင့် လှူဒါန်းပံ့ပိုးကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ပြန်လည်တည်ဆောက်သည့် နေရာတွင် အရည်အသွေးကို စနစ်တကျ စစ်ဆေးသွား ရန်လိုအပ်ပါကြောင်း၊ အဆင့်မီခြင်း ရှိ/မရှိကို ဂေါပကအဖွဲ့က ဦးဆောင်ပြီး သေသေ ချာချာ ကြပ်မတ်စစ်ဆေးစေလိုပါကြောင်း၊ အဆင့်မီမီ မလုပ်ပါက လုပ်သမျှသည် ရာနှုန်းပြည့် ထိရောက်မှုရှိနိုင်မည် မဟုတ်ပါကြောင်း၊ ပြန်လည်ပျက်စီးခြင်း၊ ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများကို ခဏခဏ ဖြစ်ပေါ်နေပါက မလိုအပ်ဘဲ အကုန်အကျများ များသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ သမိုင်းဝင်စေတီတော်မြတ်ကြီး ခဏခဏ ပျက်စီးနေ ပါကလည်း မကောင်းပါကြောင်း၊ ထို့ကြောင့် ဂေါပကအဖွဲ့အနေဖြင့် စေတီတော်ကြီး၏ ကုန်းတော်တွင် မလိုအပ်သည့် တည်ဆောက်မှုများကို ထပ်မံခွင့်မပြုရန် လိုကြောင်း ဆွေးနွေးခဲ့သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက အတတ်နိုင်ဆုံး ပူးပေါင်းပံ့ပိုးဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီအနေဖြင့်လည်း မှန်မှန်ကန်ကန်ဖြင့် တင်ဒါ စည်း မျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း ရှိ/မရှိ ကို အသိပညာရှင်များ၊ ဂေါပကအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက စစ်ဆေးကြပ်မတ် ဆောင်သွားရန်လိုကြောင်း၊ မိုးစတင်သည့်အချိန်တွင် ဆက်ပြီးဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း၊ ဆက်တိုက်ခြောက်သွေ့မှ လုပ်နိုင်မည့်လုပ်ငန်း များကိုတော့ မုတ်သုံပြီးမှ စီစဉ်မည် ဆိုပါက ပို၍ လက်တွေ့ကျ မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်ကိုယ်စား ကျိုက်သလ္လံစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူငွေကျပ် သိန်း ၅ဝဝဝ ကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့သည်။

Ref : Myanmar State Counsellor Office

Leave a Reply