Advertisements

ဇွန် ၁၇ ရက်က ရွာသွန်းခဲ့သော မိုးကြောင့် မော်လမြိုင်မြို့၏ သမိုင်းဝင် ကျိုက်သလ္လံဘုရား အရှေ့တောင်ထောင့် တန်ဆောင်တန်း ပြိုကျ ပျက်စီးခဲ့၍ အနောက်ဘက် တန်ဆောင်တန်းမှာလည်း အက်ကွဲကြောင်းနှင့် မြေပြိုမှု တချို့ ဖြစ်ပေါ်ခဲ့သည်။

ပြိုကျ ပျက်စီးမှုတွင် အဓိကအားဖြင့် ကျိုက်သလ္လံဘုရား၏ ကုန်းတော်မဟုတ်ဘဲ အသစ် တိုးချဲ့ထားသော ရင်ပြင်တော် နေရာဖြစ်၏။
မှတ်တမ်းမှတ်ရာများအရ လွန်ခဲ့သောနှစ်ပေါင်း (၇၀)ကျော်မှစတင်ရေတွက်လျှင် မျက်မှောက်ခေတ်၌ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသည်။ ထိုသို့ ပျက်စီးဆုံးရှုံးမှုမှာ မိုးသည်းထန်စွာရွာသွန်းခြင်းတစ်ခုတည်းကြောင့်ပေလော။

ဟင်္သာ၏ ကွင်းဆင်း လေ့လာမှု၊ မေးမြန်းမှုများတွင်မတော့ ယင်းအကြောင်းတစ်ခုတည်းဖြင့် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ပါ။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း

ဂေါပကအဖွဲ့များက ခေတ်အဆက်ဆက် တာဝန်ယူထိန်းသိမ်းခဲ့သည့် ကျိုက်သလ္လံစေတီတော်တွင် အမှိုက်စွန့်ပစ်မှုများမှာ စနစ် တကျ မရှိခဲ့ပါ။
အမှိုက်စွန့့်ပစ်ရာတွင် ဘုရား အရှေ့တောင်ထောင့်ရှိ ဗောဒိညောင်ပင် ခြေရင်း၌ တုပ်ခတ်၍ စွန့်ပစ်ခဲ့ကြသည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က အခုလို မှတ်ချက်ပြုသည်။
“ကျိုက်သလ္လံအပေါ်က မနိုင်ဝန်ထမ်းထားတာနဲ့ တူတယ်၊ မြေထိန်း နံရံတွေ သေသေချာချာ လုပ်သင့်တယ်၊ မြေသား ချိတ်ဆက်မှုတွေကလည်း အားလုံး သိတဲ့ အတိုင်း အမှိုက်နဲ့ပဲ ဖို့ထားတာလေ၊အဲဒါကြောင့် မြေသား ချိတ်ဆက်မှု မရှိလို့ ဒီလို အခြေအနေအထိ ဖြစ်သွားတာ”ဟု ဆိုသည်။

ရင်ပြင်တော် ပြိုကျစဉ် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော တောင်ခြေ အောက်ရှိ အသောကာရာမ ရန်ကုန်ကျောင်း ဆရာတော် ဦးကုသလကလည်း ဒေါ်ခိုင်ခိုင်လဲ့ကဲ့သို့ပင်မြင်၏။ ညောင်ပင် ခြေရင်း၌ နှစ်ပေါင်း သုံးဆယ်ကျော် အမှိုက်စွန့်ပစ်မှုကြောင့် ယခုလို ဖြစ်ရကြောင်း ဟင်္သာသို့မိန့်သည်။

ကျိုက်သလ္လံဂေါပက ဘဏ္ဍာရေးမှူး ဦးမင်းဝင်းလှကမူ ရင်ပြင်တော်ပေါ်ရှိ နှစ်ပေါင်း ၈၀ ခန့်ရှိ ညောင်ပင်ကြီး လေပြင်းဒဏ် မခံနိုင်ခြင်းက မြေပြိုကျမှုကို အစပြုခဲ့သည်ဟု မြင်၏။ ညောင်ပင်ပြိုပြီးနောက် ဘေးရှိ မြေသားများပါ လိုက်ပါ ပြိုကျသွားခြင်း ဖြစ်သည်ဟု ၎င်းကပြောပြသည်။

မော်လမြိုင်ဒေသခံလည်းဖြစ်၊ ဧရာဝတီသတင်းဌာန၏ သတင်းထောက်တစ်ဦးလည်းဖြစ်သူ ဦးဉာဏ်စိုးဝင်းကမူ ညောင်ပင် နှင့် အမှိုက်အဆက်အစပ်ကို ယခုလိုသုံးသပ်၏။
“အရင်ကတည်းက ကျိုက်သလ္လံရဲ့ ညောင်ပင်ကြီးအောက်မှာ အမှိုက်တွေ စွန့်ပစ်တယ်၊ ဒီအမှိုက်တွေက ပလတ်စတစ်တွေ ဖြစ်တော့ ကြွက်တွေ ဖောက်တာတွေ ရှိတယ်၊ ဂလိုင်ပေါက်တွေ ဖြစ်ပြီး ရေးစီးဆင်းမှုလည်း မရှိတော့လို့ ဒီလို ဖြစ်တာလို့ ထင်တယ်”ဟူ၍။

အဆောက်အအုံ တိုးချဲ့ခြင်း

ကျိုက်သလ္လံံရင်ပြင်တော်တွင် လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ဘုရားဖူး ပြည်သူများ မော်လမြိုင် မြင်ကွင်းကို ကြည့်ရှုနိုင်ရန် ရည်ရွယ်ချက်ဖြင့် အရှေ့ဘက်မုခ်ဝ ဘေးတွင် ပေ ၂၀ ၊ ၆၀ ရင်ပြည်တော် တစ်ခုကို တိုးချဲ့ တည်ဆောက်ခဲ့သည်။

ယခု ပြိုကျမှုကြောင့် အသစ်တိုးချဲ့ထားသော ရင်ပြင်တော်၏ သုံးပုံ နှစ်ပုံ ပျက်စီးခဲ့သည်။ ထ့ိုအပြင် နတ်နန်း တစ်ခု၊ ဘုရား ခြေတော်ရာ တစ်ခု၊ ညောင်ရေသွန်းနေသော ဗောဒိညောင်ပင်ပါ ပျက်စီးမှုစာရင်းတွင်ပါဝင်၏။
အဆောက်အဦ အသစ်တိုးချဲ့ တည်ဆောက်မှုကို မော်လမြိုင် မြို့မိမြို့ဖ ဦးမောင်မောင်ဇော်ထွန်းက ယခုလို မှတ်ချက်ပြုသည်။

“ဂေါပကအဖွဲ့က ကျိုက်သလ္လံဘုရားဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီးတိုးချဲ့ပြီးတော့ အဆောက်အဦတွေဆောက်တယ်။ အဲလိုဆောက်တဲ့အချိန်မှာ တကယ့်ပညာရှင်တွေနဲ့ တွက်ချက်ပြီးတော့ လုပ်တာမဟုတ်တဲ့အတွက်ကြောင့် တောင်ရဲ့ ခံနိုင်ဝန်အားက ထိခိုက်သွားတာပေါ့”ဟု ဆိုသည်။
ကျိုက်သလ္လံတောင်သည် မြေသား တောင် တစ်ခု ဖြစ်၍ အဆောက်အအုံ တိုးချဲ့ရာတွင် များစွာ သတိထားရန် လိုအပ်ဟု ရှုမြင်သူတို့များစွာရှိပါသည်။

ဦးဉာဏ်စိုးဝင်းက ကျိုက်သလ္လံရင်ပြင်သည် ဘုရားဖူးများနှင့် ပြည့်နှက်နေသော အခြေအနေ မရှိသဖြင့် ယခင်ကတည်းက မတိုးချဲ့သင့်ကြောင်းနှင့် ရှိပြီးသား ရင်ပြင်ကိုသာ မြေထိန်းနံရံများဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြု ပြောဆိုသည်။

ဂေါပကအဖွဲ့ထံမှရရှိသော စာရင်းတွင်မူ ကျိုက်သလ္လံဘုရား၌ အဆောက်အအုံဟူ၍ စောင်းတန်း လေးခု၊ ဝတ်ကြီး ရှစ်ခုနှင့် ရင်ပြင်တော် ဈေးဆိုင်ခန်း သုံး ဆိုင်သာ ရှိကြောင်း ပါဝင်သည်။

သို့သော် မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်ကိုယ်တိုင်က ကျိုက်သလ္လံဘုရား ရင်ပြင်ကို ပြင်ဆင်ရာတွင် မြေခံနိုင်ဝန်အားထက် ပိုမိုသော ချဲ့ထွင်ထားသည့် အဆောက်အဦများကို ပြန်လည်ဖြိုဖျက်သွားမည်ဟု ဆိုထား၏။

ထိုသို့ လုပ်ဆောင်ရာတွင်လည်း ရှေးဟောင်းအဆောက်အဦများကို ရှေးဟောင်းသုတေသန ပညာရှင်များ၏ အဆုံးအဖြတ်ဖြင့် ရယူလုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သမိုင်းဝင် စေတီ ပုထိုးများတွင် အဆောက်အဦသစ်များ ဆောက်လုပ်မည်ဆိုပါက သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းအတိုင်းသာ လုပ်သင့်ကြောင်းနှင့် မည်သည့် ဘာသာကိုမှ အထူး အခွင့်ရေး ပေးရန် မလိုဟု ယူဆကြောင်းပြော၏။
ထိုသို့ စည်းကမ်းမဲ့ တည်ဆောက်လာမှုများရှိလျှင်လည်း အရေးယူရန်၊ ရှေးဟောင်း အဆောက်အဦနှင့်

စေတီပုထိုးများ ထိန်းသိမ်းဆောင်ရွက်မှုကို ပညာရှင်များဖြင့်သာ လုပ်ဆောင်ရန် အစိုးရအဖွဲ့ဘက်က လုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက အကြံပြုသည်။

ကြိုတွေးထားမှုမရှိခြင်း

ကျိုက်သလ္လံစေတီတော်တည်ရှိရာ တောင်တွင် ထိုသို့ ဖြစ်ပေါ်လာမည်ကို မည်သူမျှ ဂရုမပြုခဲ့ကြ။
ကျိုက်သလ္လံဘုရားသည် ၁၉၅၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ပထမအကြိမ် ပြိုကျ ပျက်စီးခဲ့ဖူးသည်။ ထိုပြိုကျ ပျက်စီးမှုကြောင့် ခိုးကိုးရာမဲ့ လူပေါင်း ၂၀ အသက်ဆုံးရှုံးထားဖူး၏။

ထိုအကြောင်းကို ရှင်မဟာဗုဒ္ဓဃောသကျောင်း အထက်တန်း မြန်မာဘာသာနှင့် ပါဠိဆရာ ဦးဘသန်း၊ အင်ဂျင်နီယာ ဦးအောင်ခင်၊ ဦးစန်းမြ ရေးသားခဲ့သည့် စာအုပ်များတွင် တွေ့နိုင်သည်။
ထိုစဉ်ကလည်း ယခုပြိုကျခဲ့သော အရှေ့တောင်ထောင့် ကမ်းပါးယံကြီးပင် ဖြစ်သည်။

သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ အဆိုအရ လွန်ခဲ့သော နှစ် နှစ်ခန့်က ပညာရှင် တစ်ဦးက ကျိုက်သလ္လံတောင်တွင် ဝန်အားများနေကြောင်းနှင့် မြေသား မခိုင်ခံ့နိုင်ကြောင်း လွှတ်တော်အတွင်း အလွတ်သဘော ပြောဆိုဖူးကြောင်း သိရ၏။

အခုဘာလုပ်နေလဲ

ကျိုက်သလ္လံတောင် ပြိုကျခဲ့သော ဖြစ်စဉ်ကို အစိုးရအဖွဲ့က နိုင်ငံတော် အဆင့် သတ်မှတ် ဆောက်ရွက်သွားဖို့ ရှိနေသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ရင်ပြင်တော် ပြိုကျ ပျက်စီးမှုကို အပိုင်းနှစ်ပိုင်း ခွဲ၍ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပထမပိုင်းအနေဖြင့် ယခုကာလသည် မိုးတွင်း ကာလဖြစ်၍ ပစ္စည်း စုဆောင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဒုတိယပိုင်းအဖြစ် နွေပေါက်ပါက ပညာရှင်များ ခေါ်ယူ၍ ပြင်ဆင်သွားရန် စီစဉ်ထားသည်။

ကျိုက်သလ္လံဘုရား ပြင်ဆင်ရန်အတွက် ဇွန် ၂၉ ရက်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်း ဦးဆောင်၍ ပညာရှင်များက ဘုရား၏ လက်ရှိ အခြေအနေကို လာရောက် ကြည့်ရှုခဲ့သည်။
ဒုဝန်ကြီး ဦးကျော်လင်းက“အရင်ဆုံး မြေပြင်သေချာ လေ့လာဆန်းစစ်မယ်၊ Photo Graphic တွေလုပ်မယ်၊ ပြီးရင် ဒီဇိုင်းတွေ ရေးဆွဲမယ်။ ရေးဆွဲပြီးတော့မှ အဆင့်ဆင့်တင်ပြပြီးတော့ ညွှန်ကြားချက်ရယူပြီး ဆောင်ရွက်သွားမယ်”ဟု ဆိုသည်။

ယခုအခါ မွန်ပြည်နယ် အစိုးရတွင် ကျိုက်သလ္လံဘုရား ပြုပြင်ရန်အတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ သိန်း ၁၀၀၀ နှင့် ပြင်ပ အလှူရှင်များမှ သိန်း ၆၀၀၊ စုစုပေါင်း သိန်း ၁၆၀၀ ရရှိထားသည်။

ထို့အပြင် ဘုရားပြန်လည် ပြုပြင်ရန်အတွက် မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း ဦးဆောင်သော ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီကိုလည်း ဖွဲ့စည်းထား၏။

ဟင်္သာက မေးမြန်းခဲ့သူအများစုကတော့ ယခုလိုဆောင်ရွက်နေသည့် အခြေအနေမျိုးထက် မဖြစ်ခင်ကြိုတင် တွက်ဆထားမှုမရှိခြင်းကိုပို၍ ထောက်ပြကြပါသည်။

“ကျိုက်သလ္လံဘုရားက အခုလို ဖြစ်သွားပြီး ဆိုတော့ ဘာမှလုပ်လို့ မရတော့ဘူး၊ ဒီဟာလေးကို သင်ခန်းစာ ယူပြီး နောက်ဟာတွေ သတိထားဖို့တော့ လိုတယ်”ဟု ဦးဉာဏ်စိုးဝင်းက မှတ်ချက်ပြု၏။

Written by ထိုက်ထိုက်၊ ဂေထော

Advertisements
<

Leave a Reply