မော်လမြိုင် နိုဝင်ဘာ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ ပျက်စီးသွားသော မော်လမြိုင် ကျိုက်သလ္လံစေတီ ရင်ပြင်တော်ကို လာမည့် ဒီဇင်ဘာလကုန်၌ စတင်တည်ဆောက်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းကပြောသည်။

ရင်ပြင်ကြံ့ခိုင်ရေးအတွက် မြေသားပြုပြင်မှုကို Soiling Nailing/ Ground Anchor နည်းစနစ်များဖြင့် ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းရှင်များအား တင်ဒါခေါ်ထားပြီး လျှောက်လွှာများကို နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မွန်ပြည်နယ်အစိုးရရုံးတွင် ထုတ်ယူနိုင်သည်ဟု ၎င်းကပြောသည်။

“အဓိက ပြင်ဆင်မယ့် Soil Nailing၊ Ground Anchor အပိုင်းတွေအတွက် ဒီဇိုင်းထုတ်ထားပြီးပြီ။ နည်းပညာပိုင်းဆိုင်ရာ စံချိန်စံညွှန်းတွေလည်း ထုတ်ပေးပါမယ်။ အဲဒီအတိုင်း တင်ဒါလျှောက်လွှာတင်တဲ့ ကုမ္ပဏီက ပြန်ဆွဲပြီးတင်ပေးရမယ်” ဟု၎င်းကဆက်ပြောသည်။

ဒီဇိုင်းများကို ပြည်ထောင်စုမှ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ရေးဆွဲထားပြီး မြေသားပြုပြင်မှုကို ဒီဇင်ဘာလကုန်မှ မေလ ၃၁ ရက်နေ့အတွင်း အပြီးသတ်ဆောင်ရွက်ရန် ခန့်မှန်းထားသည်ဟု ဦးမြင့်သန်းဝင်းကပြောသည်။

ပြုပြင်မှုအတွက် ပြည်နယ်အစိုးရအဖွဲ့တွင် အလှူငွေ ကျပ် သိန်း ၇၅၅၀ ခန့်ရရှိထားပြီး ပြုပြင်ရင်းနှင့်  လိုအပ်သည့်ငွေများကို ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရှာဖွေသွားမည်ဟု ၎င်းကပြောသည်။

“အလှူငွေချည်းပဲ မကောက်ဘဲ အစိုးရက ပံ့ပိုးပေးနိုင်ရင် ပိုကောင်းတာပေါ့။ နောက်တစ်ခုက ရေရှည်ထိန်းသိမ်းတဲ့နည်းလမ်းကို တစ်ခါတည်း ထည့်စဉ်းစားရမယ်” ဟု မော်လမြိုင်မြို့နေ ဦးကြည်ဇော်လွင်ကပြောသည်။

ပြိုကျခဲ့သည့်အဖြစ်အပျက်များကို သင်ခန်းစာယူပြီး ရေရှည်တွင် သဘာဝဘေးဒဏ် ခံနိုင်ရန်နှင့် နောင်အခါတွင် မကြာခဏ ပြန်လည်ပြုပြင်ရသည့် အဖြစ်မျိုးမရှိအောင် လုပ်ဆောင်သင့်သည်ဟု ၎င်းကပြောသည်။

စေတီတော် ဘဏ္ဍာထိန်း ဦးမင်းဝင်းလှက မြေသားပြုပြင်မှုများသည် အပိုင်းလိုက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြုပြင်နေချိန်တွင် ဘုရားကို ပိတ်ထားမည်မဟုတ်သည့်အတွက် ဘုရားဖူးများ ပုံမှန်အတိုင်း လာရောက်နိုင်သည်ဟု ဆိုသည်။

မော်လမြိုင်မြို့တွင် ဇွန်လ ၁၆ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်သလ္လံစေတီတော်၏ အရှေ့မြောက်ထောင့်တွင် မြေပြိုခဲ့ပြီး ရင်ပြင်တော်အပါအဝင် တန်ဆောင်းတော်များ ပြိုကျပျက်စီးခဲ့သည်။

စန္ဒာဉာဏ်

Leave a Reply