Advertisements

မော်လမြိုင် ဇန်နဝါရီ

မော်လမြိုင်မြို့ရှိ သမိုင်းဝင် ကျိုက်သလ္လံစေတီ အနောက်ဘက် မုခ်၌ ဓာတ်လှေကား အသစ် တပ်ဆင်မှုမှာ ဇန်နဝါရီ ၂၄ ရက်တွင် ၈၅ ရာခိုင်နှုန်းခန့် ပြီးစီသွားပြီ ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးချစ်မောင်က ပြောသည်။

“ဓာတ်လှေကားက ပြီးပါပြီ၊ လျှပ်စစ်သွယ်တန်းမှုတွေကို စစ်ဆေးရမယ်၊ အကုန်လုံးအပြီးသတ် ပြန်အပ်ဖို့တော့ ကျန်သေးတယ်၊ သက်ဆိုင်ရာဌာနတွေက အသေးစိတ် လာရောက်စစ်ဆေးဖို့ တောင်းဆိုထားတယ်၊ သူတို့ စစ်ဆေးပြီးရင်တော့ ဖွင့်တော့မှာပါ”ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

ဓာတ်လှေကားအဟောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ရက်တွင် ဖျက်သိမ်းခဲ့ပြီး အသစ်ကို ပြန်လည်ပြင်ဆင် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်လှေကားအသစ် လဲလှယ်တပ်ဆင်မှုအတွက် ကုန်ကျစရိတ် ကျပ်သိန်း ၇၀၀ ကို ရန်ကုန်မြို့မှ အလှူရှင် ဦးကျော်ငြိမ်းနှင့် ဒေါ်ကြွယ်ကြွယ် မိသားစုက လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အနောက်ဘက်မုခ်၏ အသစ်တပ်ဆင်သော ဓာတ်လှေကားသည် Forklit အမျိုးအစားဖြစ်သည်။

အဆိုပါ ဓာတ်လှေကားအသစ်ကို ပြန်လည်တပ်ဆင်ပြီးပါက ပြည်တွင်း ပြည်ပမှ ဘုရားဖူးများ လာရောက်ရာတွင် လွယ်ကူစေရန်အတွက် မနက် ခြောက်နာရီခွဲ မှ ည ကိုးနာရီခွဲထိ ဖွင့်လှစ်ပေးထားမည်ဟု ဦးချစ်မောင်က ဆိုသည်။

ဓာတ်လှေကား အသစ်ပြန်လည် တပ်ဆင်ခြင်းထက် ကျိုက်သလ္လံစေတီ ကုန်းမြေအနေအထားကို ပြန်လည် ထိန်းသိမ်းရန် လိုနေကြောင်း မော်လမြိုင်မြို့မှ ဒေသခံ ဦးဇော်မြင့်ဦးက ပြောကြားသည်။

“အသစ်လဲတာတော့ ကောင်းပါတယ်၊ ဓာတ်လှေကားတွေကလည်း ကြာနေပြီလေ၊ ဓာတ်လှေကားထက် မြေအနေအထားတွေကို အရင်ပြုပြင်ရင် ပိုကောင်းမယ်လို့ မြင်တယ်”ဟု ၎င်းက အကြံပြုသည်။ မြေနံရံများကို မိုးတွင်းကာလအမီ ပြန်လည် ထိန်းသိမ်းရန် ပိုလိုအပ်နေသည်ဟု မြင်မိကြောင်း ဆက်လက်ပြောသည်။

ကျိုက်သလ္လံစေတီ၌ အရှေ့ဘက်နှင့် အနောက်ဘက်မုခ်တို့တွင် ဓာတ်လှေကား ၂ စင်းစီရှိပြီး အနောက်ဘက်မုခ် ဓာတ်လှေကား ၂ စင်းမှာ နှစ် ၃၀ ကျော် ကြာမြင့်နေပြီဟု ကျိုက်သလ္လံ ဂေါပကအဖွဲ့ထံမှသိရသည်။

ထိုက်ထိုက်

Leave a Reply