Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်၊ သမိုင်းဝင်ကျိုက်သလ္လံဘုရား ပြိုကျပျက်စီးမှုကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ဘုရားကြီး၏ အောက်ခြေမှစ၍ အသေးစိတ် လေ့လာဆန်းစစ်ပြီး အကောင်းဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“ကျွန်တော်တို့ တောင်တစ်လုံး၊ အောက်ခြေကနေစပြီး မြေသားတွေကိုသေချာ လေ့လာစစ်ဆေးမှုတွေ လုပ်မယ်၊ ကျွန်တော်တို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက လုပ်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေကို အခြေခံပြီးတော့ ကျိုက်သလ္လံဘုရား ပြန်လည်တည်ဆောက်ရေးအတွက် အကောင်းဆုံးဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ပြောသည်။

မြေပြင်လေ့လာဆန်းစစ်မှုပြီးပါက ပြုပြင်နိုင်ရန်အတွက် ဒီဇိုင်းများကို ရေးဆွဲကာ ပြည်ထောင်စုသို့ တင်ပြပြီး ညွှန်ကြားချက်ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

သမိုင်းဝင်ကျိုက်သလ္လံစေတီတော် ပြန်လည်ပြုပြင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းထားသော အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သောအဖွဲ့နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ဇွန်လ ၂၉ရက်၌ ကျိုက်သလ္လံဘုရားတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ နည်းပညာဆိုင်ရာ ပါမောက္ခ ဒေါက်တာမြင့်ကျော်၊ ပညာရှင် ဒေါက်တာယုမောင်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများ။ ပညာရှင်များ၊ မြေပြင်လက်တွေ့စစ်ဆေးရေးအဖွဲ့များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်သွားမည့်ဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။

သမိုင်းဝင် ကျိုုက်သလ္လံဘုရားကြီးသည် ၁၉၅၄ ခုနှစ်တွင် ယခုကဲ့သို့ မြေပြိုဖြစ်ခဲ့ပြီး အလားတူ ပုပ္ပါးတောင်၊ ပြည်မြို့ ရွှေစံတော်ဘုရား၊ သထုံမြို့ ရွှေစာရံဘုရားနှင့် နေပြည်တော်တို့တွင်လည်း မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း ဖြည့်စွက်ပြောသည်။

written by ထိုက်ထိုက်

Advertisements
<

Leave a Reply