Advertisements

မော်လမြိုင် အောက်တိုဘာ

မော်လမြိုင်မြို့၏ သမိုင်းဝင် ကျိုက်သလ္လံ ဘုရားကြီးအား ရေရှည် တည်တံ့စေရန်အတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်ကို အောက်တိုဘာ ၁၀ ရက်မှ စ၍ အကောင်အထည် ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောဆိုသည်။

ဘုရားကြီးသည် ပြီးခဲ့သည့် ဇွန် ၁၆ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အရှေ့တောင်ဘက် စောင်းတန်း ပြိုကျပျက်စီးခြင်း၊ အနောက်ဘက် စောင်တန်း အက်ကွဲကြောင်း ဖြစ်ပေါ်ခဲ့၍ မိုးတွင်းကာလ၌ ယာယီ ပြုပြင် ထိန်းသိမ်းမှုများကို သာ ပြုလုပ်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“အရင်တုန်းကတော့ မိုးမကုန်သေးတော့ ဆက်မပြိုအောင် ထိန်းသိမ်းတဲ့အဆင့်ပဲ လုပ်နိုင်ခဲ့တာပေါ့၊ အခုက မိုးကုန်ပြီဆိုတော့ လုပ်ငန်းဆက်လုပ်ဖို့ ဆရာတော်ကြီးတွေနဲ့ ဆွေးနွေးညှိနှိုင်းတာပါ၊ ပြင်ဆင်မှုတွေကိုတော့ ပြည်ထောင်စုက တိုက်ရိုက်ကိုင်တွယ်မှာပါ”ဟု ဦးမြင့်သန်းဝင်က ဆိုသည်။

ဘုရားရင်ပြင်တော်ပေါ်တွင် အလေးချိန် လျော့ချနိုင်ရန်အတွက် ရှေးဟောင်းအဆောက်အဦးမှလွဲ၍ မလိုအပ်သော အဆောက်အဦးသစ်များကို ရှင်းလင်းသွားမည်ဖြစ်ပြီး ဦးဆောင်နာယက ဆရာတော်ကြီးများနှင့် တိုင်ပင်ကာ ဖယ်ရှားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဘုရားကြီး ပြုပြင်ရန်အတွက် ပြည်နယ်အစိုးရတွင် ရရှိထားသော အလှူငွေမှာ ဝ ဒဿမ ၇ ဘီယီယံ ရရှိထားပြီး ပြည်ထောင်စုမှ ပေးရန်လျာထားငွေ ၁ ဘီလီယံ စုစုပေါင်း ၁ ဒဿမ ၇ ဘီလီယံ ရှိနေသောကြောင့် ၂ ဒသမ ၃ဘီလီယံ လိုအပ်နေကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

စေတီတော် အနောက်ဘက်စောင်းတန်းရှိ ဓာတ်လှေကားကို အောက်တိုဘာလအတွင်း အသစ်တပ်ဆင်နိုင်ရန် အတွက် ပြည်နယ်အစိုးရကို တင်ပြထားကြောင်း ကျိုက်သလ္လံဘုရားဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးမင်းဝင်းလှက ပြောကြားသည်။

“ဓာတ်လှေကား ၂ခုလုံးကို အသစ်တပ်ဆင်ဖို့အတွက် အလှူရှင်တွေလည်း ရှိတယ်ပြောတယ်၊ ဒါပေမယ့် အရင်စစ်ဆေးမယ်၊ အနောက်ဖက်ကို အရင်လုပ်မယ်၊ ပညာရှင်တွကို ခေါ်ပြီးစစ်ဆေးလို့ အဆင်ပြေရင် တပ်ဆင်ခွင့်ပေးမယ်လို့ အစိုးရကပြောတယ်”ဟု ၎င်းက ပြောသည်။

ဓာတ်လှေကားတစ်လုံးလျှင် ငွေကျပ် ၃၃၇သိန်းကျော်ကုန်ကျမည်ဖြစ်ပြီး အသစ်တပ်ဆင်ရန် ပြည်ထောင်စုအဆင့်မှ ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူစစ်ဆေးကာ တပ်ဆင်ခွင့်ပြုမည်ဟု ဆက်လက်ပြောသည်။

ရေရှည်တည်တံ့စေရေးအတွက် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း အကောင်ထည်ဖော်နိုင်ရန် ကျိုက်သလ္လံနာယက ဆရာတော်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ဝင် တို့သည့် အောက်တိုဘာ ၁၀ ရက်က မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ သာသနာ့ဗိမာန်ခန်းမ၌ ဆွေးနွေးခဲ့ကြသည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply